ချင်းမှ ရခိုင်ပြည်နယ်သို့ ပြေးဆွဲနေသည့် လိုင်းစက်လှေများကို ပြန်ဖွင့်ပေးရန် KACC မေတ္တာရပ်ခံ

ချင်းမှ ရခိုင်ပြည်နယ်သို့ ပြေးဆွဲနေသည့် လိုင်းစက်လှေများကို ပြန်ဖွင့်ပေးရန် KACC မေတ္တာရပ်ခံ
ပုံ  ပလက်ဝမှ ကျောက်တော်သို့ ပြေးဆွဲသည့် လိုင်းစက်လှေပေါ်မှ ဆန်အိတ်သည်နေသူ တစ်ဦးကို တွေ့ရစဉ်

ရန်ကုန်၊ မတ်လ ၁ ။                ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ ပြေးဆွဲနေသည့် လိုင်းစက်လှေများအား လူသားချင်း စာနာထောက်ထားမှုဖြင့် ပြန်လည် ပြေးဆွဲခွင့်ရရန် အစိုးရ၊ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့များအား ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်မတော်နှင့် ရခိုင့်တပ်(AA)တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တခြားမြို့နယ်များနှင့် ဆက်သွယ်ရေး လမ်းကြောင်း ပြတ် တောက်နေပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် အရေးကိစ္စများ လုပ်ကိုင် နိုင်ခြင်း မရှိဘဲ အခက်အခဲများ ရှိနေကြောင်း ဖေဖော်ဝါရီ ၂၉ ရက်တွင် KACC က ထုတ်ပြန်ခဲ့သည်။

KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက" အခုက ရေလမ်းကြောင်းရော၊ ကုန်းလမ်းကြောင်းရော ပိတ်တဲ့ အခါ ကျတော့ ပလက်ဝ ဒေသခံတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ဒုက္ခရောက်နေလို့ သက်ဆိုင်ရာတွေကို လူသားချင်း စာနာထောက်ထားပြီး ဖြေလျှော့ပေးပါလို့ တောင်းဆိုတာပါ" ဟု မဇ္ဈိမသို့ ပြောသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် နှစ်ပတ်ကြာ ပိတ်မိ နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ကျောင်းသား/ကျောင်းသူနှင့် အရပ်သား ၅၀ ကျော်အား စက်လှေ ၁၁ စီးဖြင့် ပြန်ခေါ်လာစဉ် ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးတွင် တစ်ကြိမ်၊ ပလက် ဝမြို့နယ် ပွီပုန်းကျေးရွာအနီးတွင် တစ်ကြိမ် လက်နက်ကိုင်အဖွဲ့များမှ သေနတ်ပစ်ဖောက် ခြိမ်းခြောက် ခြင်း အပြင် စက်လှေကို တားဆီး၍ ၂ နာရီကျော်ကြာ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း KACC မှ ထုတ်ပြန်ခဲ့သည်။

ပုံ - ပလက်ဝမြို့သို့ သွားရန် ပြင်နေသော စက်လှေတစ်စီးကို တွေ့ရစဉ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က" သွားလို့လာလို့ ခက်ခဲတယ်။ တပ် တွေကလည်း မကြာကြာ တိုက်ပွဲဖြစ်တော့ စက်လှေတွေကလည်း မသွားရဲ မလာရဲဖြစ်တာပေါ့။ လက်ရှိကတော့ အဆင် မပြေသေဘူး။ စားနပ်ရိက္ခာတွေကလည်း ဈေးနှုန်းတွေ မြင့်တဲ့အပြင် ဝယ်ဖို့ တောင် ခက်ခဲတယ်။ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်နဲ့တော့ လုပ်လို့မရတဲ့အတွက် ပြည်ထောင်စု ကနေ စားနပ်ရိက္ခာ ပို့ဆောင်ရေးနဲ့ တခြားကိ စ္စ တွေကို သူတို့လည်း ကြိုးစားပြီး ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မဇ္ဈိမသို့ ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ လိုင်းစက်လှေများ ဖြတ်သန်း သွား လာနိုင်ခြင်းမရှိဘဲ ဖြစ်နေခြင်းကြောင့် ပလက်ဝ မြို့နယ်အတွင်းမှာ ဆန်၊ဆီ၊ ဆား၊ ကုန်ခြောက် အပါအဝင် စားနပ် ရိက္ခာ ပြတ်လပ်မှုများ ဖြစ်နေပြီး ကုန်ဈေးနှုန်း ကြီးမြင့်နေကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အဓိက ကုန်ပစ္စည်းများ ဝယ်ယူကာ တင်ပို့ ရောင်းချနေရခြင်းကြောင့်လည်း အခက်အခဲဖြစ်နေခြင်း ဖြစ်သည်။

လိုင်းစက်လှေများ မပြေးဆွဲနိုင်ခြင်းကလည်း ပလက်ဝနှင့်ကျောက်တော်ကြားမှာ AA နှင့် တပ်မတော် တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မပြေးဆွဲနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၉ ရက်ကလည်း ကုလားတန်စီမံကိန်းအရ ပလက်ဝ၊ ဖိုရမ်ပွီလမ်း တည်ဆောက်ရေး လုပ်ငန်းအတွက် ချင်းပြည်နယ် မတူပီမြို့နယ်သို့ ပေးပို့သည့် ဒီဇယ်နှင့် အောက်တိန်းများ တင်ဆောင် လာသော အရပ်ဘက် ၁၂ ဘီး ကုန်တင်ကား တစ်စီး မိုင်တိုင် ၁၁၉ နှင့် ၁၂၀ ကြားတွင် ပစ်ခတ် မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း KACC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သို့သော် မည်သည့် လက်နက်ကိုင်ထားသော အဖွဲ့က ပစ်ခတ် မီးရှို့ခဲ့သည်ဆိုတာကိုဖြင့် ဖော်ပြထား ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly