၀န်ကြီးချုပ်သစ် ခန့်အပ်မှု မဟာသီယာ လက်မခံ၊ မလေးရှားနိုင်ငံရေးအကျပ်အတည်း နက်ရှိုင်း

By The Asean Post/ AFP
01 March 2020
၀န်ကြီးချုပ်သစ် ခန့်အပ်မှု မဟာသီယာ လက်မခံ၊ မလေးရှားနိုင်ငံရေးအကျပ်အတည်း နက်ရှိုင်း

မတ် ၁ ။                    ။ နိုင်ငံရေးပြိုင်ဘက်တစ်ဦးဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဟောင်း မူယစ်ဒင် ယက်ဆင်ကို မလေးရှားဝန်ကြီးချုပ်သစ် ခန့်အပ်သည့် ဘုရင်၏ ဆုံးဖြတ်ချက်ကို အသက် ၉၄ နှစ်ရှိ မဟာသီယာ မိုဟာမက်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။

၎င်းထံတွင် အဆိုပါ ဝန်ကြီးချုပ်ရာထူးကို ပြန်ရယူရန် လုံလောက်သည့် ထောက်ခံမှု ရရှိထားခဲ့ဟု မဟာသီယာက အခိုင်အမာ ပြောသွားခဲ့ပြီးနောက် မလေးရှားနိုင်ငံရေးအကျပ်အတည်းသည်လည်း ပိုမို နက်ရှိုင်းလာခဲ့သည်။

လစ်လပ် ဝန်ကြီးချုပ်နေရာကို ပြည်ထဲရေးဝန်ကြီးဟောင်း မူယစ်ဒင် ယက်ဆင်ကို ခန့်အပ်ကြောင်း ယမန်နေ့က မလေးရှားဘုရင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပါလီမန်တွင် မည်သူကို အမတ်အများစုက ထောက်ခံသလဲ ဆို သည်ကို ဆုံးဖြတ်ပြီးနောက် မလေးရှားဘုရင်က ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မူယစ်ဒင်ကို ရွေးချယ်မှုက မဟာသီယာကို အရေးနိမ့်စေခဲ့ပြီး နိုင်ငံတွင် မကောင်းသတင်းထွက်ခဲ့သည့် ပါတီကို အာဏာပြန် ရ သွားစေခဲ့သည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်အဖြစ်မှ မဟာသီယာ နုတ်ထွက်ပြီး ၎င်း၏ “Pact of Hope” မဟာမိတ်အဖွဲ့ ပြိုလဲခဲ့ပြီးနောက် ပရမ်းပတာ အခြေအနေများ  ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ မဟာသီယာ၏ ပြိုင်ဘက်များက အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန်နှင့် မဟာသီယာနေရာဆက်ခံမည့်သူအဖြစ် သတ်မှတ်ခံခဲ့ရသော အန်ဝါ အီဘရာဟင်ကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ပြီးနောက် အထက်ပါအခြေအနေများ  ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မဟာသီယာ၏ မဟာမိတ်အဖွဲ့ ၂၀၁၈ ခုနှစ်က သမိုင်းဝင် အောင်ပွဲရခဲ့ခြင်းနဲ့အတူ ခြစားမှုနှင့် နာမည်ဆိုးထွက်နေသည့် ညွန့်ပေါင်းအုပ်စု အာဏာရရှိထားမှုကို အဆုံးသတ်စေခဲ့သည်။ သို့သော် မဟာသီယာတို့ မဟာမိတ်အုပ်စုသည်လည်း ကမ္ဘာ့အသက်အကြီးဆုံးခေါင်းဆောင်ေနရာ မည်သူ ဆက်ခံသင့်သလဲ ဆိုသည်နှင့်ပတ်သက်ပြီး ခေါင်းစားခဲ့ကြရပြန်သည်။

ယခုအခါ မူယစ်ဒင် ယက်ဆင်နှင့် ၎င်း၏ ညွန့်ပေါင်းအုပ်စု အောင်ပွဲခံသွားခြင်းက မဟာသီယာအတွက် အကြီးအကျယ် ရှော့ရသွားစေခဲ့သည်။ မူလက မဟာသီယာပင် ဝန်ကြီးချုပ်နေရာ ပြန်ရမည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ မူယစ်ဒင် တို့ အောင်ပွဲခံသွားခြင်းက ပြည်သူများအကြား အမျက်ဒေါသထွက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ယခု ခန့်အပ်မှုက ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အစိုးရတစ်ရပ်ကို ဖယ်ရှားလိုက်ရုံသာမက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ခ် ၏ အပုပ်နံ့ထွက် ပါတီ UMNO ကို တကျော့ပြန် အာဏာရသွားစေပြီ ဖြစ်သည်။

UMNO သည် နိုင်ငံတွင် ကာလကြာ အုပ်ချုပ်ခဲ့သည့် ညွန့်ပေါင်းအုပ်စုဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်အကြာက သမိုင်းဝင်ရွေးကောက်ပွဲတွင် အာဏာလက်လွှတ်ခဲ့ရသည့် အုပ်စုလည်း ဖြစ်သည်။ UMNO ၏ ခေါင်းဆောင်ဖြစ်သော နာဂျစ်နှင့် အပေါင်းပါ ခရိုနီများသည်လည်း နိုင်ငံပိုင်ရန်ပုံငွေများ ခိုးယူသည်ဟု စွပ်စွဲခံခဲ့ပြီးနောက် နာဂျစ်ဆိုလျင် ယခုအခါ ခြစားမှုဖြင့် အမှုရင်ဆိုင်နေရသည်။

ယခုအခါ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် မူယစ်ဒင်က ကွာလာလမ်ပူနေအိမ်တွင် ၎င်းအပေါ် ထောက်ခံသူများနှင့်တွေ့ဆုံစဉ် မလေးရှားဘုရင့်နန်းတော်က ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အတိုင်း မလေးရှားပြည်သူများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းသွားခဲ့သည်။

သို့သော် မဟာသီယာကလည်း ယခု ရွေးချယ်မှုကို လက်မခံကြောင်း၊ ၎င်းအနေဖြင့်လည်း ဝန်ကြီးချုပ်နေရာအတွက် အမတ် ၁၁၄ ဦး၏ ထောက်ခံမှုကို ရရှိထားကြောင်း ပြောဆိုပြီး ထောက်ခံသူအမတ်များ၏ အမည်စာရင်းကိုပါ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခုအခြေအနေနှင့်ပတ်သက်၍ ဘုရင်ထံ စာရေးတင်ပြသွားမည်ဖြစ်ကြောင်း၊ မူယစ်ဒင်ကို ထောက်ခံသည် ဆိုသော  အမတ်အရေအတွက်သည် တိကျမှန်ကန်ခြင်းမရှိဆိုသည်ကို သက်သေပြမည်ဖြစ်ကြောင်း မဟာသီယာက ပြောသွားသည်။

မူယစ်ဒင်ကို ဝန်ကြီးချုပ် ခန့်အပ်ပြီး UMNO ကို တကျော့ပြန် အာဏာရစေသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြည်သူများအကြား ဒေါသထွက်မှုများလည်း ဖြစ်ပေါ်နေသည်။ ကွာလာလမ်ပူ မြို့တွင်းတွင် ဆန္ဒပြအုပ်စုတစ်စု စုရုံးခဲ့ကြပြီး ဆန္ဒပြမှုများလုပ်ဆောင်ခဲ့ကြသည်။

ယင်းနိုင်ငံတွင် အာဏာရ ညွန့်ပေါင်းအုပ်စု အမတ်အုပ်စုတစ်စုက အတိုက်အခံပါတီများနှင့် ပူးပေါင်းကာ အန်ဝါမပါသည့် အစိုးရသစ်တစ်ရပ် ဖွဲ့ရန် ကြိုးပမ်းချိန်ကစလို့ နိုင်ငံရေးအကျပ်အတည်း စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် အစိုးရ ကျသွားပြီး မဟာသီယာပင် ကြားဖြတ်ဝန်ကြီးချုပ် ခန့်အပ်ခံခဲ့ရကာ ယင်းနောက် ၎င်းနှင့် အန်ဝါ တို့က အာဏာရရေးအတွက် ကြိုးပမ်းမှုများကို သီးခြားစီ လုပ်ဆောင်ခဲ့ကြသည်။

သို့သော် မျှော်လင့်မထားသည်က အခြားနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မူယစ်ဒင်က အလျင်အမြန်ပင် ထောက်ခံမှုရကာ အောင်ပွဲခံနိုင်ငံသည့် အခြေအနေဘက် မြန်မြန်ဆန်ဆန် ရောက်ရှိခဲ့သည်။

ယင်းအချိန် မဟာသီယာ၏ နိုင်ငံရေး မဟာမိတ်အုပ်စုများက မဟာသီယာ ဝန်ကြီးချုပ်ဖြစ်ရေး ထောက်ခံခဲ့ကြသော်လည်း နောက်ကျနေနှင့်ပြီဖြစ်သည်။

အသက် ၇၂ နှစ်ရှိ မူယစ်ဒင်သည် ယင်းနိုင်ငံတွင် အဆင့်မြင့်ရာထူး အများအပြားကို တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ နာဂျစ် ဝန်ကြီးချုပ် တာဝန်ယူစဉ်က မူယစ်ဒင်က ဒုဝန်ကြီးချုပ်တာဝန်ယူခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် 1MDB အရှုပ်တော်ပုံကို ဝေဖန်ခဲ့မှုကြောင့် နာဂျစ်က မူယစ်ဒင်ကို ထုတ်ပယ်ခဲ့သည်။

ယခု နောက်ဆုံးရရှိသည့်သတင်းများအရ မူယစ်ဒင် ယက်ဆင်သည် ယနေ့ မတ်လ ၁ ရက်တွင် မလေးရှားဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ခဲ့သည်ဟု သိရသည်။

တစ်ဘက်မှာတော့  ၎င်းအပေါ် မူယစ်ဒင်ဘက်က သစ္စာဖောက်ခဲ့သည်ဟု ခံစားရကြောင်း မဟာသီယာက ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly