တောင်တရုတ်ပင်လယ်ပိုင်နက်အငြင်းပွားမှုအပေါ် တိုင်ကြားမှုအား ၂၀၁၆ ခုနှစ်လယ်ပိုင်းတွင် ဆုံးဖြတ်မည်

တောင်တရုတ်ပင်လယ်ပိုင်နက်အငြင်းပွားမှုအပေါ် တိုင်ကြားမှုအား ၂၀၁၆ ခုနှစ်လယ်ပိုင်းတွင် ဆုံးဖြတ်မည်

ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ။            ။ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုအား ဖိလစ်ပိုင်က တရုတ်အစိုးရအား သည်ဟေ့ဂ်တရားရုံးတွင် တိုင်ကြားထားမှုအပေါ် ၂၀၁၆ ခုနှစ်လယ်ပိုင်း ဇွန်လနောက်ဆုံးထား  ဆုံးဖြတ်ချက်ချမည်ဟု ဖိလစ်ပိုင်တရားစွဲဆိုသည့် အဖွဲ့က အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ တိုင်ကြားထားမှုနှင့်ပတ်သက်၍ တရုတ်က ကန့်ကွက်နေသော်လည်း နိုင်ငံတကာ ဖိအားများကြောင့် တရုတ်နိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း တရားစွဲဆိုသည့် အဖွဲ့ခေါင်းဆောင် ပေါလ်ရေချလာက ပြောကြားသည်။

သည်ဟေ့ဂ်မြို့အခြေစိုက် အမြဲတမ်းခုံသမာဓိအဖွဲ့၏ အောက်တိုဘာ ၂၉ ရက်ထုတ်ပြန်ချက်တွင် ဖိလစ်ပိုင်က တရုတ်နိုင်ငံအား တိုင်ကြားထားသည့် ပိုင်နက်အငြင်းပွားမှုကို ကြားနာစစ်ဆေးခွင့်ရှိကြောင်း   ဖော်ပြထားသည်။

ယခုဆုံးဖြတ်ချက်သည် ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်ကြောင်းနှင့် ယင်းအမှုအား ယခုနှစ်ကုန်တွင် စတင်ကြားနာစစ်ဆေးပြီး နောက်ဆုံး ဆုံးဖြတ်ချက်အား   ခြောက်လအတွင်း   ပြုလုပ်သွားဖွယ်ရှိကြောင်း ရေချလာက ပြောကြားထားသည်။

"ဖိလစ်ပိုင်ရဲ့ တိုင်ကြားမှုကို သည်ဟေ့ဂ် ခုံသမာဓိအဖွဲ့က လက်ခံကြားနာသွားမှာဖြစ်ပြီး မိမိတို့အတွက် အခြေအနေကောင်းဖို့ အလားလာရှိပါတယ်" ဟု သူက ပြောကြားသည်။

ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းအရ တောင်တရုတ်ပင်လယ်ရှိ မိမိတို့နိုင်ငံပိုင်နက်အတွင်း ရေမိုင် ၂၀၀နှင့်ပတ်သက်၍ တရုတ်နှင့်အငြင်းပွားမှုအပေါ် ဖိလစ်ပိုင်အစိုးရက ၂၀၁၃ ခုနှစ်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်ကြားမှုကို တရုတ်က ကန့်ကွက်ထားပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ မလေးရှားနှင့်ဘရူနိုင်းနိုင်ငံတို့မှ  အဆိုပါဒေသတွင်း ရေပိုင်နက်ကြေညာထားမှုများကို ဂရုမစိုက်ဘဲ   တောင်တရုတ်ပင်လယ် ရေပိုင်နက်အားလုံနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားသည့် နိုင်ငံအဖြစ် အမြင်ခံရစေလိုပါက ဆုံးဖြတ်ချက်အပေါ် မဖြစ်မနေ ညှိနှိုင်းလိုက်နာရတော့မည်ဖြစ်ကြောင်း ရေချလာက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly