ပါကစ္စတန်မှာ ရထားနဲ့ ကား တိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံး

By AFP
29 February 2020
ပါကစ္စတန်မှာ ရထားနဲ့ ကား တိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံး
Photo  - AFP

ဖေဖော်ဝါရီ ၂၉။        ။ ပါကစ္စတန်တောင်ပိုင်း ဆင်းဒ်ပြည်နယ်မှာ ခရီးသည်တင်ရထားတစ်စင်းက ဘတ်စ်ကားတစ်စီးကို ဝင်တိုက်ရာက အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီယာဉ်တိုက်မှုဟာ ဆူကားခရိုင်မှာ သောကြာနေ့က ဖြစ်ပွားတာဖြစ်ပြီး ကရာချိကနေ လာဟိုးဆီ ခုတ်မောင်းတဲ့ ရထားနဲ့ ဆာဂေါ့ဟာခရိုင်ဆီ ဦးတည်တဲ့ ဘတ်စ်ကားတို့ တိုက်မိတာ ဖြစ်ပါတယ်။

“သေဆုံးသူ ၁၈ ဦး ရှိပါတယ်။ ဒဏ်ရာရသူကတော့ ၅၅ ဦးအထိ ရှိခဲ့တယ်။”လို့ ဆူကားခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး ရာနာအက်ဒဲလ်က ပြောပြီး ဒဏ်ရာရသူတွေမှာ အချို့က စိုးရိမ်ရတဲ့ အခြေအနေ ရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ သတိပေးပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် ညအမှောင်ကြောင့် အခက်အခဲရှိနေတယ်လို့ အခင်းဖြစ်ရာဆီ ရောက်ရှိနေတဲ့ အကြီးတန်း ရထားဌာန တာဝန်ရှိသူ တာရစ်ကိုလာချီက ပြောပါတယ်။

ရထားနဲ့ ကားလမ်းဆုံရာ လမ်းဆုံမှာ အခု ယာဉ်တိုက်မှု ဖြစ်ပွားတာဖြစ်ပြီး ရထားက ဝင်တိုက်တာကြောင့် ဘတ်စ်ကားဟာ နှစ်ပိုင်း ကွဲထွက်သွားတယ်လို့ တာရစ်ကိုလာချီက ဆိုပါတယ်။

“သေဆုံးသူနဲ့ ဒဏ်ရာရသူ အားလုံးဟာ ဘတ်စ်ကားပေါ်က ခရီးသည်တွေပဲ ဖြစ်ပါတယ်။ ရထားမောင်းတဲ့ လက်ထောက်အကူပဲ အနည်းငယ် ဒဏ်ရာရခဲ့ပါတယ်။”လို့ ကိုလာချီက ပြောပါတယ်။

ဗြိတိန် ကိုလိုနီဟောင်းဖြစ်ပြီး ရထားလမ်းမိုင်ပေါင်းများစွာ ဖောက်လုပ်ပေးထားခဲ့တဲ့ ပါကစ္စတန်နိုင်ငံမှာ ရထားတိုက်မှုတွေ အဖြစ်များလေ့ ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly