လင်းနို့ သိန်းချီ ခိုအောင်းနေသောကြောင့် ဒေသခံများ ကျန်းမာရေးအတွက် စိုးရိမ်နေ

လင်းနို့ သိန်းချီ ခိုအောင်းနေသောကြောင့် ဒေသခံများ ကျန်းမာရေးအတွက် စိုးရိမ်နေ

ဖေဖော်ဝါရီ ၂၈။          ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်းပေါ်ရှိ ရွှေမြယာအိမ်ရာဝင်းအတွင်းရှိ လူနေထိုင်ခြင်းမရှိသောအခန်းပျက်များတွင် လင်းနို့သိန်းချီ ခိုအောင်းနေသောကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သောဒေသခံအချို့က လင်းနို့ကြောင့် ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ဖြစ်ပွားမှာကို စိုးရိမ်နေကြကြောင်းသိရသည်။

ထိုလင်းနို့များသည် ညနေ ၅နာရီဝန်းကျင်တွင်  သန်လျင်၊ ရွှေဂုံတိုင်နှင့် ရန်ကုန်မြို့အနှံ့သို့ အစာရှာထွက်လေ့ရှိပြီး မနက် ၅နာရီလောက်မှာ သူတို့ရဲ့ အသိုက်တွေဆီကို ပြန်လာလေ့ရှိကြောင်းအနီးပတ်ဝန်းကျင်  တွင်နေထိုင် သူများကဆိုသည်။

ဒီလိုအစာရှာထွက်တာကို မြင်ရတာ နှစ်နှစ်ဝန်းကျင် ရှိနေပြီး လင်းနို့ အကောင်ရေ တဖြည်းဖြည်းများလာတာကို သတိထားမိ ကြောင်း အဆိုပါအိမ်ရာဝင်းအနီးမှ ဝပ်ရှော့လုပ်ငန်းလုပ်ကိုင်နေသူ ဦးမင်းမင်းက ပြောသည်။
၎င်းက ''အဲဒီတိုက်ကို ပိတ်ပြီး မောင်းထုတ်လိုက်ရင်လည်း တခြားဘက်တွေရောက်သွားမှာ စိုးရတယ်၊ အခုတော့ ဒီတိုင်းကြည့်နေရတာပဲ''ဟုပြောသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်( Covid 19)ဟာ လင်းနို့ကနေတဆင့် ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ကြောင့် ဒေသခံတွေကတော့ ကျန်းမာရေးအတွက် စိုးရိမ်နေတာတွေလည်း ရှိနေပြီး သည်လင်းနို့အုပ်တွေကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းစေချင် နေကြသည်။

“လောလောဆယ်ကတော့ ဗိုင်းရပ်စ်ကိစ္စပါပဲ လင်းနို့နဲ့ ပတ်သတ်တဲ့ ဗိုင်းရပ်စ်ကလည်း ကြားနေရတယ်၊ ကိုယ့်အိမ်ရှေ့မှာ ရှိနေတာဆိုတော့ ဘယ်လို ပတ်သတ်လာမလဲဆိုတာကို စိုးရိမ်နေရတာပဲ” အိမ်ရာအနီးတွင်နေထိုင်သူ ဦးထွန်းထွန်းနိုင် ကပြောသည်။

ယခင်က တရုတ်သင်္ချိုင်း ဖြစ်ခဲ့ဖူးသော အဆိုပါ ရွှေမြယာအိမ်ရာတွင် ခိုအောင်းလျှက်ရှိသည့် လင်းနို့အုပ်စုတွေဟာ  လွန်ခဲ့သောဆယ်စုနှစ်ခန့်ကတည်းက သင်္ချိုင်းအတွင်းမှ သစ်ပင်ကြီးများတွင် နေထိုင်ခဲ့ကြဖူးပြီး အဆိုပါ မြေနေရာမှာ ဆောက်လုပ်ရေး ပြောင်းလဲလုပ်ကိုင်လာတာကြောင့် အသိုက်ပြောင်းရွေ့ခဲ့ကြကာသည်နှစ်တွေအတွင်းမှာ လူနေထိုင်မှုမရှိတာကြောင့် ပြန်လည်ရောက်ရှိလာတာ ဖြစ်တယ်လို့ ဒေသခံများကဆိုသည်။

 လတ်တလောတွင် အိမ်ရာဝင်းအတွင်း ခိုအောင်းနေတဲ့ လင်းနို့များကို အပြီးရှင်းလင်းနိုင်မည့် နည်းလမ်းနှင့် တစ်နေရာရာကို ရွေ့ပြောင်းနိုင်မည့် နည်းလမ်း နှစ်ခုအနက် ဘယ်လိုဖယ်ရှားမလဲဆိုတာကို ဆွေးနွေးနေတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

၎င်းက“ရှင်းလိုက်ရင်လည်း သူရဲ့ သေသွားတဲ့ ကိုယ်က အင်းဆက်တွေက ပေါက်လာမှာ အဲ့အကောင်က တကယ်ဒုက္ခပေးမှာ အကောင်ရေတစ်သိန်း တစ်သန်းရှိရင် သူထွက်လာမယ့်ဟာက ဘယ်လိုမှမထိန်းနိုင်တဲ့အခြေအနေ ရောက်သွားမှာ ဒါကကိုင်တွယ်ရခက်တယ် ရွေ့ပြောင်းရရင်တော့ ပိုကောင်းတာပေါ့ အခုသက်ဆိုင်ရာဌာနအလိုက်နဲ့ စည်ပင်ကို တင်ပြမယ် အဲ့က ဆုံးဖြတ်ချက်အတိုင်း ပြန်လုပ်ရမှာပဲ”ဟုဆိုသည်။

လူနေထိုင်မှုမရှိသော အခန်းများအတွင်းတွင် လင်းနို့အကောင်ရေ သိန်းနဲ့ချီပြီးရှိနိုင်တယ်လို့ ဒေသခံအချို့က ခန့်မှန်းထားကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required