RCSSနဲ့ တပ်မတော် တိုက်ပွဲ တင်းမာနေဆဲ

By စိုင်းဦး
28 February 2020
RCSSနဲ့ တပ်မတော် တိုက်ပွဲ တင်းမာနေဆဲ

ဖေဖော်ဝါရီ ၂၈ ။                           ။ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် လွယ်တွမ်းတောင်ပေါ်တွင် RCSSနဲ့ တပ်မတော် တို့ ဖေဖော်ဝါရီ (၂၇) နံနက်ပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပွဲ  ပြင်းထန်နေ သေးသည်ဟု ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ(RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအုမ်ခေး  ကဆိုသည်။     

ဖေဖော်ဝါရီ (၂၇) ရက်နေ့ နံနက် ရှစ်နာရီခန့်က လက်နက်ကြီးပစ်ခတ်မှုများဖြင့် စတင်ဖြစ်ပွားခဲ့ပြီး ယနေ့  မွန်းလွဲပိုင်းအထိ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်းဆိုသည်။

ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက  “မနေ့ကတော့ တစ်နေကုန်လောက်ပဲ ဒီနေ့ တိုက်ပွဲ အခြေအနေက တပ်မတော်ဘက်က လက်နက်ကြီးနဲ့ မကြာမကြာ လှမ်းပစ်နေတုန်း ”ဟုဆိုသည်။

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်အတွင်းက လွိုင်တောင်းတောင်ကြားမှာ တပ်မတော် တပ်ရင်း (၄) ရင်းက   အင်အား ၄၀၀ ဝန်းကျင်နဲ့RCSS တို့ကြား လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း  ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ(RCSS/SSA)ဘက်က ပြောသည်။

လက်နက်ကြီးအသံတွေ ကြားနေရပြီး တိုက်ပွဲက မည်သို့ဆက်ဖြစ်မည်ကို စောင့်ကြည့်နေရသည့် အနေအထား ဖြစ်နေသည်ဟု မဲဆန္ဒနယ်အမှတ် (၁) မိုင်းကိုင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က ပြောသည်။

“တိုက်ပွဲက မနေ့က ဖြစ်တာရယ် ဒီနေ့ဖြစ်တာရယ်  ဒီနေ့ နေ့လည်ထိတော့ အသံကြားနေရတုန်း သတင်းကအတိကျ ရဖို့မလွယ်ဘူးလေ တောထဲမှာ ဖြစ်တာဆိုတော့ အနီးနား ရွာတွေ ပြောတာက လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ပြောတယ် ” ဟု ဆိုသည်။

ယခုပြဿနာမှာ  နယ်မြေကန့်သတ်ချက်တွေ ရှိသော်လည်း  အပြန်အလှန်ယုံကြည်မှုတွေ မတည်ဆောက်နိုင်ဘဲ သံသယတွေရှိနေခြင်းကြောင့် တိုက်ပွဲဖြစ်ရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

 “စစ်ပွဲတွေ ဖြစ်ရတာက  အပြန်အလှန်ယုံကြည်မှုတွေ မတည်ဆောက်နိုင်လို့ သံသယတွေရှိနေတာ နောက်တစ်ခုက စစ်နယ်မြေနဲ့ ပတ်သက်လို့ တိတိကျကျ သတ်မှတ်ထားတဲ့ဟာတွေ ရှိသော်ငြားလည်းဘဲ အဲ့ဒါတွေကို ချိုးဖောက်နေတဲ့ အပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကလည်း  အလုပ်မလုပ်နိုင်တဲ့ အောက်မှာ ဒီလိုဖြစ်လာတယ်လို့ ထင်တယ်” ဟုပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ ယာယီခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး ယွက်စစ်က တာဝန်ယူဆောင်ရွက်နေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် ကျင်းပနိုင်ရေး၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်သွားနိုင်ရေးတို့ကို ဦးဆောင် ဆွေးနွေးနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ထိုးထားသည့်  EAO များထဲတွင် ဥက္ကဌဖြစ်နေသည့် အဖွဲ့နှင့် တိုက်ပွဲဖြစ်ခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဖုအထစ်ဖြစ်စေသည်ဟုဆိုသည်။
၎င်းက “တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှု အတော်လေးကို လျော့ကျသွားစေတယ်ပေါ့             အဲတာလည်း စိတ်မကောင်းစရာအဖြစ်တစ်ခုဘဲ ဘာဖြစ်လို့လည်းဆိုတော့ RCSS က ခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA ထိုးထားတဲ့ EAOတွေထဲ့မှာ သူကဥက္ကဌ   ဖြစ်နေတာပေါ့  ဥက္ကဌဖြစ်နေတဲ့ အဖွဲ့နဲ့ တပ်မတော်နဲ့တိုက်တယ်ဆိုတော့ ငြိမ်းချမ်းရေးမှာ တော်တော်လေးတော့ အဖုအထစ်တွေ ဖြစ်လာတာပေါ့” ဟုပြောသည်။

 အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှု လျော့ကျသွားသည်ဟု ပြောမရသေးကြောင်း ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက  ဆိုသည်။

“ယုံကြည်မှု လျော့သွားတယ်လို့တော့ ပြောလို့ မရသေးဘူးပေါ့ ဒါပေမဲ့ နည်းနည်းတော့ သံသရ ဖြစ်စေတာပေါ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ချက်ချင်းကြီးတည်ဆောက်လို့  မရသေးဘူးပေါ့ ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

RCSS/SSA သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် ဖြစ်ပြီး လက်ရှိမှာလည်း အစိုးရ၊ တပ်မတော် အပါအဝင် တခြားသော လက်နက်ကိုင် အဖွဲ့များ ဖြင့် ပူးပေါင်းကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိနေသည်။
ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ(RCSS/SSA)သည် ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျဲန်မှာ ဗဟိုဌာနချုပ်အဖြစ် ထားကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ စစ်ရေး လှုပ်ရှားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly