စကြဝဠာအတွင်း အကြီးဆုံးသော ပေါက်ကွဲမှုကြီးတစ်ခု နက္ခတ္တဗေဒပညာရှင်များ တွေ့ရှိ

စကြဝဠာအတွင်း အကြီးဆုံးသော ပေါက်ကွဲမှုကြီးတစ်ခု နက္ခတ္တဗေဒပညာရှင်များ တွေ့ရှိ

ဖေဖော်ဝါရီ ၂၈။             ။ အလင်းနှစ်ပေါင်း သန်း ၃၉၀ ဝေးကွာသည့် နေရာတွင် ရှိသော အာကာသတွင်းနက် (black hole) တစ်ခုကနေ အစပြုဖြစ်ပေါ်သော စံချိန်တင် ပေါက်ကွဲမှုကြီးတစ်ခုကို နက္ခတ္တဗေဒပညာရှင်များ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။

“ ယှဉ်ပြီး ပြောရမယ်ဆိုရင် ဒီ ပေါက်ကွဲမှုဟာ လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်က တောင်ထိပ်ပိုင်းကို နိမ့်ကျပျောက်ကွယ်စေခဲ့တဲ့ စိန့် ဟယ်လင်စ် မီးတောင် ပေါက်ကွဲမှုပုံစံနဲ့ ဆင်တူပါတယ်” ဟု ဝါရှင်တန်ဒီစီ ရေကြောင်းသုတေသန ဓာတ်ခွဲခန်းမှ သုတေသန ဒါရိုက်တာ Simona Giacintucci က ပြောသည်။

ယခု ပေါက်ကွဲမှုသည် Ophiuchus ကြယ်စုတန်း၏ အလယ်ဗဟိုကနေ အစပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြယ်အစုအဝေးများသည် စကြာဝဠာအတွင်း အကြီးဆုံးသော structure များ ဖြစ်သည်။ ထောင်ပေါင်းများစွာသော ကြယ်စုများကို အတူတကွ ပါဝင်စေသည့် ဤအစုအဖွဲ့များကို ဆွဲငင်အားက ထိန်းထားသည်။

ယခုပေါက်ကွဲမှုသည် ကြယ်အစုအဝေး ဗဟိုအနီး ကြီးမားသော galaxy တစ်ခု၏ ဗဟိုချက်ရှိ supermassive black hole တစ်ခုနှင့် အဓိက သက်ဆိုင်နေသည်ဟု နက္ခတ္တဗေဒပညာရှင်များက ယုံကြည်နေကြသည်။

ထို့ပြင် ယခု ပေါက်ကွဲမှုသည် ယခင် တင်ထားသည့် စံချိန်အားလုံးကို ချိုးဖျက်သွားခဲ့သည်ဟုလည်း သိရသည်။ ယခု ပေါက်ကွဲမှုကို အစပြုဖြစ်ပေါ်စေခဲ့သော စွမ်းအင် အတိုင်းအတာသည် MS 0735+74 ဟု သိထားကြသော အကြီးဆုံးနှင့် အပြင်းထန်ဆုံး ပေါက်ကွဲမှုထက် ငါးဆ ပိုမိုကြီးမားသည်ဟု သိရသည်။

နက္ခတ္တဗေဒပညာရှင်များသည် မြေပြင်နှင့် အာကာသ တယ်လီစကုပ်များကို အသုံးပြုပြီး ယခု လေ့လာစောင့်ကြည့်မှုကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly