မည်သည့် အဖွဲ့အစည်းကိုမှ မိမိတို့နယ်မြေ အသုံးချခွင့်မပြုဟု မြန်မာ-အိန္ဒိယ ကတိပြု

မည်သည့် အဖွဲ့အစည်းကိုမှ မိမိတို့နယ်မြေ အသုံးချခွင့်မပြုဟု မြန်မာ-အိန္ဒိယ ကတိပြု
ပုံ - ANI အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေေသာ သမ္မတဦးဝင်းမြင့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ကို တွေ့ရစဉ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။                     ။ တစ်ဖက်နိုင်ငံကို တိုက်ခိုက်နေသည့် မည်သည့် အဖွဲ့အစည်းကိုမှ မိမိတို့နယ်မြေကို အသုံးချခွင့် ပြုမည်မဟုတ်ဟု မြန်မာ-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များကြား ကတိပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက်က အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်၊ ဝန်ကြီးချုပ် မိုဒီတို့နှင့် သီးခြားစီ တွေ့ဆုံအပြီး အထက်ပါအတိုင်း  ကတိပြုခဲ့သည့် အခြေ အနေကို နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင်“ နှစ်ဖက် ခေါင်းဆောင်များသည် တခြား တစ်နိုင်ငံကို ရန်လို တိုက်ခိုက်သည့် မည်သည့် ဆန့်ကျင်ဖက် အဖွဲ့အစည်းကိုမှ မိမိတို့၏ နယ်မြေကို အသုံးချခွင့် မပြု ကြောင်း ထပ် လောင်း ကတိပြုခဲ့ကြသည်”ဟု ရေးသားထားသည်။

သမ္မတဦးဝင်းမြင့်၏ ခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာ/ သဘောတူညီချက် (၁၀) ခုကို လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုအထဲတွင် နှစ်နိုင်ငံ နယ်နိမိတ်ကိစ္စ၊ နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များအပြင် ကုလားတန်စီမံကိန်း ကိစ္စများလည်း ပါဝင်သည်။

အလားတူ ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွင်း အိန္ဒိယမှ မြန်မာနိုင်ငံအတွက် အထောက်အပံ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၅)သန်းဖြင့် ထပ်တိုးစီမံကိန်း (၂၉) ခုကို အကောင်အထည် ဖော်ပေးသွားမည် ဖြစ်ကြောင်းလည်း သိ ရသည်။

သမ္မတဦးဝင်းမြင့်သည် အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်ကနေ ၂၉ ရက်နေ့ အထိ (၄) ရက်ကြာ ရောက်ရှိနေသည်။

အိန္ဒိယသည် ရန်လိုသည့် နိုင်ငံမဟုတ်သည့်အပြင် မြန်မာနိုင်ငံအတွက် လိုအပ်ချက်များကိုလည်း အကူအညီများ ပေးလာနိုင်ကြောင်း  မြန်မာ-အိန္ဒိယအရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက ပြောသည်။

၎င်းက “နဝတ စစ်အစိုးရ လက်ထက် တုန်းကတော့ အိန္ဒိယ-ဗမာ မြေပေါ်မှာနေတဲ့ သူ့ကို တိုက်နေတဲ့ လွယ်လွယ်ပြောရင် သူပုန် ပဲ ဆိုပါတော့၊ အရှေ့မြောက်ဒေသက သူပုန်တွေ ရှင်းရေးလောက်ပဲ အိန္ဒိယက တောင်းခဲ့တယ်။ တောင်းပြီးတော့ အစည်း အဝေးတွေ၊ ဆွေးနွေး ပွဲတွေမှာတုန်းက ဗမာ့မြေပေါ် မရှိစေရပါဘူးလို့ ပြောတယ်။ သို့သော်လည်း အခုထိ ရှိသေး တာပဲ”ဟု ဖေဖော်ဝါရီ ၂၇ ရက်က မဇ္ဈိမသို့ ပြောသည်။

ထို့အပြင် အကြမ်းဖက် ဝါဒနှင့် အစွန်းရောက် ဝါဒတို့ကို တန်ပြန် တားဆီးရေးအတွက် သတင်း အချက်အလက် မျှဝေမှု အပါအဝင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်နိုင်ရန် လည်း သဘောတူညီခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် အရှေ့မြောက်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် မြန်မာနိုင်ငံနှင့် နယ်စပ် တည်ငြိမ် အေးချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုလားနေကြသည်။ မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်မြေအနီးတွင် နာဂ၊ ကသည်း၊ အာသံ လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားကာ အိန္ဒိယနိုင်ငံကိုတိုက်ခိုက်လျက်ရှိနေသည်။

တဖက်မှာလည်း အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော မီဇိုရမ်ပြည်နယ်အနီးမှာ AA အဖွဲ့ လှုပ်ရှားကာ မြန်မာအစိုးရကို တိုက်ခိုက် လျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာရှိ အိန္ဒိယကို တိုက်ခိုက်နေသော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်( NSCN-K )၏ ဌာနချုပ်ကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာက အင်အား ၄၀၀ ဝန်းကျင်ဖြင့် ထိန်း ချုပ်ခဲ့ရာ ယနေ့ချိန်ထိပင် ဖြစ်သည်။

ထို့နောက် NSCN-K ၏ လှုပ်ရှားနယ်မြေအတွင်းမှာ ခိုအောင်း လှုပ်ရှားနေသော အာသံနှင့် ကသည်း သူပုန် ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလက ထောင်ဒဏ် ၂ နှစ်စီ ခန္တီးခရိုင် တရားရုံးက ချမှတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly