အမေရိကန်က ဆီးရီးယားသို့ အထူးတပ်ဖွဲ့များ စေလွှတ်သွားမည်

အမေရိကန်က ဆီးရီးယားသို့ အထူးတပ်ဖွဲ့များ စေလွှတ်သွားမည်

ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ။               ။ အမေရိကန်သမ္မတဘာရက်အိုဘားမားက ဆီးရီးယားသို့ အထူးတပ်ဖွဲ့များ စေလွှတ်သွားမည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့ရာ အဆိုပါနိုင်ငံသို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန် ငြင်းဆိုထားခြင်းအပေါ် ဖြေလျော့မှုတစ်ဖြစ်လာကြောင်း သိရသည်။

ဆီးရီးယားမြောက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသသို့ အထူးတပ်ဖွဲ့ဝင် ၅၀ ခန့်ကို ကနဦးစေလွှတ်ပြီး အစ္စလာမ္မစ်နိုင်ငံတော် သူပုန်များကို အင်အားတိုးမြှင့်ချေမှုန်းသွားမည့် အစီအစဉ်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

"အစ္စလာမ္မစ်သူပုန်အဖွဲ့တွေကို အမေရိကန်အထူးတပ်ဖွဲ့တွေက ဒေသတွင်းက တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်သွားမှာပါ" ဟု အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန်က တူရကီနိုင်ငံတောင်းပိုင်း အင်ကာလစ်စစ်စခန်းသို့ အေ-၁၀ မြေပြင်တိုက်ခိုက်ရေး လေယာဉ်များနှင့် အက်ဖ်-၁၅ ဂျက်တိုက်လေယာဉ်များကိုလည်း စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်က တရားဝင်ထုတ်ပြန်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly