လာအိုကနေ ပြန်လွှဲယူထားတဲ့ ဆိုဗီယက်ခေတ် T-34 တင့်ကားတွေ ရုရှား ပြန်လည် ပြုပြင်ထိန်းသိမ်းနေ

လာအိုကနေ ပြန်လွှဲယူထားတဲ့ ဆိုဗီယက်ခေတ် T-34 တင့်ကားတွေ ရုရှား ပြန်လည် ပြုပြင်ထိန်းသိမ်းနေ
Photo  - AFP

ဖေဖော်ဝါရီ ၂၈။             ။ ဒုတိယကမ္ဘာစစ်အတွင်း အထင်ကရဖြစ်ခဲ့တဲ့ ဆိုဗီယက် T-34 တင့်ကား အစီး ၃၀ ကို ရုရှားတို့ ပြန်လည် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေလျက် ရှိပါတယ်။

ဒီ တင့်ကားတွေကိုတော့ အရှေ့တောင်အာရှဒေသ လာအိုနိုင်ငံကနေ ပြန်လည် လွှဲပြောင်းရယူထားခဲ့တာဖြစ်ပြီး ယခုအခါမှာ ယင်းတို့ကို မူလအခြေအနေအတိုင်း ပြန်ရောက်အောင် ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတာ ဖြစ် ပါတယ်။

ကွန်မြူနစ်နိုင်ငံ လာအိုမှာ အဆိုပါ T-34 တင့်ကား အစီး ၃၀ ကို အသုံးပြုနေဆဲ ဖြစ်တယ်ဆိုတာကို သိရှိသွားပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှိုင်ဂူက ယမန်နှစ်က လာအိုနိုင်ငံခရီးစဉ်အတွင်း ဒီတင့်ကားတွေ ပြန်လည် လွှဲယူဖို့ အရေး သဘောတူညီချက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

စိန့် ပီတာစဘာ့ဂ်မြို့ ပြင်ပ အထူး စက်ရုံတစ်ရုံမှာ အင်ဂျင်နီယာတွေ၊ စက်မှုကျွမ်းကျင်သူ အယောက် ၂၀၀ ကျော်လောက်က ဒီ တင့်ကားတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဒီတင့်ကားတွေ ပြုပြင်ထိန်းသိမ်းမှုကို မတ်လကုန်မတိုင်မီ အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပြီး လာမယ့် မေလ ၉ ရက် ရင်ပြင်နီ စစ်ရေးပြချီတက်ပွဲတစ်ခုမှာ ယင်းတင့်ကားတွေကို ပါဝင်လှည့်လည်စေဖို့ ရှိနေတယ်လို့ သိရပါတယ်။

လာအိုကနေ ပို့လိုက်တဲ့ ဒီတင့်ကားတွေကိုတော့ ၁၉၅၀ တုန်းက ဆိုဗီယက်အုပ်စုဝင် ချက်ကိုစလိုဗက်ကီးယားမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လာအိုတို့ကတော့ ဒီကားတွေကို ၁၉၈၇ ခုနှစ်လောက်မှာ ဗီယက်နမ်ကနေ ဝယ်ယူထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဗီယက်နမ်တို့ကတော့ ဒီတင့်ကားတွေကို အမေရိကန်နဲ့ စစ်ပွဲအတွင်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly