အချင်းရှေ့ရောက် ခြင်း

အချင်းရှေ့ရောက် ခြင်း

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အချင်းဆိုတာ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးလေးကို အာဟာရပေးဖို့အတွက်ရော ကလေးလေးဆီက အညစ်အကြေးတွေကို စွန့်ပစ်ဖို့ရော လုပ်ပေးပါတယ်။ လနုစဉ်မှာ အချင်းက သားအိမ်အောက်ခြေမှာရှိပါတယ်။ ဒါကပုံ မှန်ပါ။ ဒါပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အချင်းက အပေါ်ကို တက်လာပြီး သားအိမ်ထိပ် ဒါမှမဟုတ် ဘေးနံရံမှာ တွယ်ရပါတယ်။ ဒါမှကလေးက လွတ်လွတ်လပ်လပ်ကြီးထွားနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သားအိမ် အောက်ခြေမှာပဲ ရှိနေမယ်ဆိုရင်တော့ ဒါကို အချင်းရှေ့ရောက် တယ်လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀မှာ ၁ယောက်ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြလိုက်လို့ အားလုံးကောင်းပါတယ်။ အချင်းရှေ့ရောက်နေတာတစ်ခုပဲလို့ပြောရင် နားမလည်တတ်ကြပါဘူး။ ဒါကဘာကိုပြောတာလဲဆိုတာကို လေ့လာရအောင်။

အချင်းရှေ့ရောက် တာက အကြမ်းဖျင်း ၃မျိုးရှိပါတယ်။ သားအိမ်အောက်ခြေမှာ ကပ်နေတာ၊ မွေးလမ်းကြောင်းနားမှာ ကပ်နေတာ၊ မွေးလမ်းကြောင်းကို လုံးဝပိတ်နေတာ စတာတွေပဲဖြစ်ပါတယ်။ ဒီလိုအချင်းရှေ့ရောက်တာက ဘာကြောင့်ဖြစ်တာလဲ။ ကလေးကို ထိခိုက်နိုင်လားဆိုတာ ဆက်ကြည့်ရအောင်။
ဘယ်သူတွေဖြစ်နိုင်လဲ။

  •     အရင်က ကိုယ်ဝန်ဆောင်ဖူးတဲ့သူတွေ
  •     အရင်က သားအိမ်ခွဲစိတ်ဖူးတဲ့သူတွေ၊ ခွဲမွေးဖူးတဲ့သူတွေ၊ သားအိမ်ခြစ်ဖူးတဲ့သူတွေ
  •     အရင်ကိုယ်ဝန်မှာ အချင်းရှေ့ရောက်တဲ့သူတွေ
  •     အမြွှာကိုယ်ဝန်ဆောင်သူတွေ
  •     အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တဲ့သူတွေ
  •     ဆေးလိပ်သောက်သူတွေ
  •     ကိုကိန်းသုံးသူတွေ
  •     အရင်က ကိုယ်ဝန်ပျက်ဖူးတဲ့သူတွေ
  •     သားအိမ်ပုံစံမမှန်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဘာလက္ခဏာပြမှာလဲ။

အဓိကလက္ခဏာက သွေးဆင်းတာပါ။ အချင်းကောင်းကောင်းဖွံ့ဖြိုးပြီးတဲ့အချိန်ဖြစ်တဲ့ ကိုယ်ဝန်လလယ်လောက်မှ သွေးဆင်းတာပါ။ ဒါ့ပြင်

  •     ဗိုက်ထဲကဆွဲညစ်ထားသလို အောင့်တာ
  •     သွေးဆင်းလိုက် ရပ်လိုက်ဖြစ်တာ
  •     အတူနေပြီးတိုင်းသွေးဆင်းတာ စတာတွေဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်နိုင်မလဲ။

  •     အချင်းကရှေ့မှာခံနေတဲ့အတွက် ကလေးကောင်းကောင်းမလှည့်နိုင်တာကြောင့် ကလေးအနေအထားမမှန်တာ
  •     နောက်တစ်ခုက ကလေးမွေးဖို့ဆိုရင် သားအိမ်ပွင့်ရပါတယ်။ အဲ့ဒီအချိန်မှာ အချင်းကွာတဲ့အတွက် သွေးထွက်များတတ်ပါတယ်။ ဒါကြောင့် အရေးပေါ်ခွဲမွေးရတာမျိုး ရှိတတ်ပါတယ်။
  •     သွေးဆင်းများတဲ့အတွက် စောမွေးရတာမျိုး၊ လမစေ့ ပေါင်မပြည့်ကလေးမွေးတာမျိုးဖြစ်တတ်ပါတယ်။

ဘာတွေရှောင်ရမလဲ။

အချင်းရှေ့ရောက်နေတဲ့ မိခင်က အခြေအနေသိပ်မဆိုးရင် အိမ်မှာနားနေလို့ ရပါတယ်။ တချို့တွေက လရင့်ရင် အလိုလိုနေရာပြန်မှန်သွားတတ်ပါတယ်။ အိမ်မှာနားနေတဲ့အချိန်အတွင်းမှာ အလေးအပင်မမပါနဲ့။ အတူမနေပါနဲ့။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ အာဟာရပြည့်အောင် စားပြီး နားနားနေနေနေပါ။
ဘယ်လိုမွေးရမှာလဲ။

အချင်းရှေ့ရောက်တာနဲ့ မဖြစ်မနေခွဲမွေးရမှာမဟုတ်ပါဘူး။ အချင်းက မွေးလမ်းကြောင်းနဲ့ လွတ်တယ်ဆိုရင် ရိုးရိုးမွေးလို့ရပါတယ်။ အမေအခြေအနေ၊ ကလေးအခြေအနေ၊ သွေးထွက်တဲ့ ပမာဏပေါ်မူတည်ပြီး အိပ်မှာပဲနားရမှာလား၊ ချက်ချင်းမွေးရမှာလား၊ အရေးပေါ်ခွဲစိတ်ရမှာလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly