အီရန်၌ ကိုရိုနာကြောင့် သေဆုံးသူ ၂၆ ဦးရှိ၊ ဒု-သမ္မတတစ်ဦးလည်း ကူးစက်ခံရ

အီရန်၌ ကိုရိုနာကြောင့် သေဆုံးသူ ၂၆ ဦးရှိ၊ ဒု-သမ္မတတစ်ဦးလည်း ကူးစက်ခံရ

ဖေဖော်ဝါရီ ၂၈။              ။ အီရန်နိုင်ငံမှာ Covid-19 ကြောင့် သေဆုံးသူ ၂၆ ဦး ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ကိုရိုနာကူးစက်မှုနှုန်းလည်း အရှိန်မြင့်လာကာ အီရန်ရဲ့ အမျိုးသမီးရေးရာ ဒု-သမ္မတတစ်ဦးလည်း ရောဂါကူးစက်ခံနေရတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Kianoush Jahanpour က ထပ်မံကူးစက်ခံရသူ  ၁၀၆ ဦးရှိလာတဲ့အတွက် ကိုရိုနာကူးစက်ခံရသူ ၂၄၅ ဦးအထိ မြင့်တက်လာကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဆိုပါအရေအတွက်ဟာ ကိုရိုနာစတင်ကူးစက်ခံရတဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကစလို့ အမြင့်ဆုံးနှုန်းထားပင်ဖြစ်ပါတယ်။  

ကိုရိုနာကူးစက်ခံရတဲ့အီရန်ထိပ်ပိုင်းအရာရှိ ၇ ဦးရှိပြီး အမျိုးသမီးရေးရာကိစ္စများကို ကြီးကြပ်တာဝန်ယူရတဲ့ ဒု-သမ္မတ Ms. Massoumeh Ebtekar လည်း ကူးစက်ခံထားရတာဖြစ်ပါတယ်။

အီရန်ဟာ တရုတ်နိုင်ငံပြီးလျှင် ကိုရိုနာကူးစက်ခံရမှုနှုန်းအမြင့်ဆုံး ဖြစ်ပါတယ်။

Ms. Ebtekar ဟာ ၁၉၇၉ ခုနှစ်က တီဟီရန်မှာရှိတဲ့ အမေရိကန်သံရုံးက ဝန်ထမ်း ၅၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အီရန်ကျောင်းသားတွေအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

Ms. Ebtekar ကို သူမရဲ့နေအိမ်မှာ ဆေးကုသပေးလျက်ရှိပြီး သူမရဲ့အပေါင်းအပါများကိုလည်း ကူးစက်ခံရခြင်းရှိ မရှိ စစ်ဆေးပြီးပြီဖြစ်တယ်လို့ IRNA သတင်းဌာနက ပြောပါတယ်။

ပါလီမန်အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးရာကော်မတီရဲ့ အကြီးအကဲဖြစ်တဲ့ Mojtaba Zolnour လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ၎င်းကိုယ်တိုင် အားလုံးနဲ့တသီးတခြားနေနေရတယ်လို့ Fars news agency ကထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly