တက္ကသိုလ်လေးခုကို ဖြတ်သန်းသည့် YBS 101 ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ

တက္ကသိုလ်လေးခုကို ဖြတ်သန်းသည့် YBS 101 ယာဉ်လိုင်းသစ် စတင်ပြေးဆွဲ
ဓာတ်ပုံ - ဆုမြတ်မေဇော်

ဖေဖော်ဝါရီ ၂၇။              ။ အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ ရန်ကုန် ဆေးတက္ကသိုလ်(၂)၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးစသည့် တက္ကသိုလ် လေးခုကို ဖြတ်၍ ပြေးဆွဲမည့် YBS 101 ယာဉ်လမ်း ကြောင်းသစ်ကို သည်ကနေ့ (ဖေဖော်ဝါရီ ၂၇ရက်) မနက်တွင် စတင်ပြေးဆွဲခဲ့သည်။

OMNI FOCUS အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ယာဉ်စီးရေ ၂၇စီး၊ ယာဉ်မောင်း ၃၀ဦးတို့ဖြင့် ယာဉ်လိုင်းသစ်ကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း YBS 101 ဂိတ်မှုး ဦးစိန်လှမြင့်က ပြောသည်။

 ၎င်းက“လမ်းကြောင်းက လူမသိတဲ့အတွက် ယာဉ်စတေကာ ကပ်ထားတဲ့ လမ်းကြောင်းတွေ လူဖတ်လို့ရအောင် လမ်းကြောင်းကို လူသိအောင် ဖြည်းဖြည်းပဲ ပြေးဆွဲနေရတယ် လမ်းကြောင်းအခြေအနေကတော့ ဖေ့ဘုတ်သုံး တဲ့သူနဲ့ ကျောင်းသားကျောင်းသူတွေလောက်ပဲ သိကြတာ”ဟုပြောသည်။

 ယာဉ်စီးခအနေဖြင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ် လှိုင်သာယာမှ ဆေးတက္ကသိုလ် (၂)ထိကို ကျပ်၂၀၀၊ ဆေးတက္ကသိုလ် (၂)မှ စီးပွားရေးတက္ကသိုလ် ရွာသာကြီးအထိ ခရီးစဉ်တစ်ပိုင်းစီကို ၂၀၀ကျပ် ကောက်ခံမည် ဖြစ် သော်လည်း ခရီးစဉ်အစအဆုံးကို ၃၀၀ကျပ် ကောက်ခံမည်ဟု သိရသည်။

 ယာဉ်တစ်စီးနှင့်တစ်စီး ၁၅မိနစ်အကွာတွင် ဂိတ်မှ ထွက်ခွာမည်ဖြစ်ပြီး ကားအစီးရေ နည်းပါးမှု၊လမ်းကြောင်းအခြေအနေ၊ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မှတ်တိုင်များသို့ ရောက်ရှိချိန်၊ ခရီးသည်များစောင့်ဆိုင်းချိန် ကြာ မြင့်နိုင်သည်ဟု YBS 101 ယာဉ်မောင်းအချို့က ဆိုသည်။

 ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းပညာဌာနက ကထိက ဒေါ်အိသူဇာထွန်းက ကျောင်းဆင်းချိန်များတွင် YBS စီးမည့် ကျောင်းသားအရေအတွက်များပြားပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများ စောင့်ဆိုင်း  ရမည့် အချိန်မကြာမြင့်အောင် ကားအစီးရေ တိုးစေချင်သည်ဟု ပြောသည်။
 

“ကျွန်မက မြောက်ဥက္ကလာမှာနေတာဆိုတော့ ဒီလိုင်းရှိလာတာ တော်တော်အဆင်ပြေတယ် အရင်က ကားက ကျွန်မတို့ဆီက တစ်ဆင့်ထဲမရောက်ဘူးလေ နှစ်ဆင့်စီးရတယ် အမြန်လိုရင် သုံးဆင့်လောက်စီးရတယ်ဆိုတော့ ကျွန်မကျောင်းသားတွေဆိုလည်း သုံးလမ်းဆုံတို့ အောင်မင်္ဂလာဘက်မှာနေတဲ့သူတွေဆို တောင်မြောက်လမ်းဆုံက ပြောင်းစီးရတာဆိုတော့ ကားကျပ်တယ် အဆင်မပြေတာများတယ် အခုတစ်ဆင့်တည်းဆိုတော့ ပိုအဆင် ပြေတာပေါ့”ဟု ၎င်းကဆိုသည်။
 

ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ လှိုင်သာယာမှ ဂိတ်စကာ ရွှေပြည်သာတံတားကို ဖြတ်၍ ခရေပင်လမ်းခွဲမှ အောင်မင်္ဂလာအဝေးပြေး၊ မြောက်ဥက္ကလာအဝိုင်းမှတစ်ဆင့် ဒဂုံတက္ကသိုလ်သို့ရောက်ရှိမည်၊ ဒဂုံ တက္ကသိုလ်မှတဆင့် အမှတ်(၂)လမ်းမကြီးအတိုင်း ရန်ကုန် စီးပွားရေးတက္ကသိုလ် ရွာသာကြီးတွင် ဂိတ်ဆုံးမည်။

အဆိုပါ ယာဉ်လမ်းကြောင်းသစ်ကို ယာဉ်အစီးရေ ထပ်မံဖြည့်သွင်းသွားရန် ရှိပြီး ယာဉ်အစီးရေ ၄၀ပြည့်ပါက ၂၄နာရီ ပြေးဆွဲသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly