အိန္ဒိယ အဓိကရုဏ်းအတွင်း အိမ်နီးချင်း မွတ်ဆလင်များကို ကယ်တင်ပေးခဲ့သော ဟိန္ဒူအမျိုးသား အသက်အန္တရာယ် စိုးရိမ်နေရ

By India Times
27 February 2020
အိန္ဒိယ အဓိကရုဏ်းအတွင်း အိမ်နီးချင်း မွတ်ဆလင်များကို ကယ်တင်ပေးခဲ့သော ဟိန္ဒူအမျိုးသား အသက်အန္တရာယ် စိုးရိမ်နေရ

ဖေဖော်ဝါရီ ၂၇ ။                ။ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အဆိုးရွားဆုံး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦးကျော် သေဆုံးကာ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အငြင်းပွားဖွယ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအပေါ် ထောက်ခံသူ နှင့် ဆန့်ကျင်သူ အုပ်စုနှစ်ခုအကြား ပဋိပက္ခ ဖြစ်ပွားရာကနေ ဆိုးရွားလှသည့် အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယင်း အကြမ်းဖက် ပဋိပက္ခများအတွင်း အကူအညီလိုအပ်သူများကို ကယ်ဆယ်ထောက်ကူပေးခဲ့သည့် စိတ်နှလုံးကောင်းမွန်သူများလည်း ရှိခဲ့သည်။ ပဋိပက္ခများကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသော မွတ်ဆလင် မိသားစုများကို တံခါးဖွင့် ကြိုပေးခဲ့ကြသည့် ဒေလီ Gurdwara များလည်း ရှိခဲ့သည်။ ပစ်မှတ်ထား တိုက်ခိုက်ခံရသူများ၏ အသက်ကို ကယ်တင်ပေးခဲ့သည့် ဇာတ်လမ်းပုံပြင်များလည်း ရှိခဲ့သည်။

 ထင်သာမြင်သာအရှိဆုံး ဖြစ်စဉ်တစ်ခုတွင် ဟိန္ဒူဘာသာဝင် အမျိုးသားတစ်ဦးက အိမ်နီးချင်း မွတ်ဆလင် ဘာသာဝင်ခြောက်ဦးကို ကယ်ဆယ်ပေးခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။

Premkant Baghel သည် ၎င်း၏ အိမ်နီးချင်း မွတ်ဆလင်ဘာသာဝင်တို့၏ နေအိမ်တစ်လုံး မီးရှို့ခံလိုက်ရသည်ကို မြင်တွေ့သည်နှင့် တပြိုင်နက် ၎င်း၏ အိမ်ထဲကနေ ထွက်ကာ အပြေးသွားရောက်ကူညီကယ်ဆယ်ခဲ့သည်။ Shiv Vihar တွင် ဟိန္ဒူ - မွတ်ဆလင် အသိုင်းအဝိုင်း နှစ်ခုအကြား သဟာဇာတ ဖြစ်စွာ နေထိုင်ခဲ့ကြကြောင်း ၎င်းက ပြောသည်။ အဓိကရုဏ်းဖြစ်စဉ် ဖျက်စီးရေးသမားများက မွတ်ဆလင် အိမ်များကို ဓာတ်ဆီဗုံး ပစ်သွင်း မီးရှို့ခဲ့ကြသည်။ ဖြစ်စဉ်ကို သိရှိသည်နှင့်တပြိုင်နက် Baghel သည် အိမ်ထဲကနေ ထွက်ကာ အိမ်အနီးရှိ မီးလောင်နေသော အိမ်တစ်လုံးတွင် ပိတ်မိနေသည့် မွတ်ဆလင်များ၏ အသက်ကို ကယ်ဆယ်ခဲ့သည်။

Baghel သည် အန္တရာယ်များအကြားမှ ၎င်း၏အသက်ကို ပဓာနမထားဘဲ အိမ်နီးနားချင်း မွတ်ဆလင်များ၏ အသက်ကို ကယ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ သူငယ်ချင်းတစ်ဦး၏ မိခင် မီးလောင်နေသော နေအိမ်ထဲတွင် ပိတ်မိနေသည်ကို သွားရောက်ကယ်ဆယ်ပေးရင်း Baghel တွင် မီးလောင်ဒဏ်ရာများ ဆိုးဆိုးရွားရွား ရသွားခဲ့သည်။

ထိုသို့ လူ့အသက်များစွာကို စွန့်စားကယ်ဆယ်ပေးခဲ့သော်လည်း ဒဏ်ရာရသွားသည့် Baghel ကို ဆေးရုံပို့ရန် မည်သူကမှ ကားအကူအညီ ပေးခဲ့ခြင်း မရှိပေ။ အိမ်နီးနားချင်းများက အရေးပေါ်လူနာတင်ယာဉ် ခေါ်ခဲ့သော်လည်း ၎င်းတို့ထံ မည်သည့် ဆေးဘက်ဆိုင်ရာ ယာဉ်မှ ရောက်မလာခဲ့ပေ။ ထို့ကြောင့် Baghel သည် ခန္ဓာကိုယ်၏ ၇၀ ရာခိုင်နှုန်း မီးလောင်ဒဏ်ရာများ ရလျက်နှင့်ပင် တညလုံး ၎င်း၏ အိမ်တွင်သာ နေခဲ့ရသည်။ ၎င်း၏ မိတ်ဆွေများ၊ မိသားစုများဆိုလျင် ၎င်းအတွက် မျှော်လင့်ချက်ပင် လက်လျှော့ထားခဲ့ကြသည်ဟု သိရသည်။ နောက်တစ်နေ့မနက်တွင် ၎င်းအား GTB ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ် ကုသမှုများ လုပ်ဆောင်ခဲ့ရသည်။

ယခုအခါ Baghel သည် ၎င်း၏ အသက်အတွက် သေမင်းနှင့် စစ်ခင်းနေရသော်ငြားလည်း ၎င်း၏ မိတ်ဆွေသူငယ်ချင်း၏ မိခင်ကို အသက်ကယ်ပေးနိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly