သက်ရှိတို့ နေထိုင်ရန် သင့်တော်သည့် အခြေအနေများ ရှိနိုင်သော ဂြိုဟ်တစ်လုံးကို တွေ့ရှိ

သက်ရှိတို့ နေထိုင်ရန် သင့်တော်သည့် အခြေအနေများ ရှိနိုင်သော ဂြိုဟ်တစ်လုံးကို တွေ့ရှိ

ဖေဖော်ဝါရီ ၂၇။             ။ သက်ရှိတို့ ရှင်သန်နေထိုင်နိုင်ရန် မှန်ကန်သင့်တော်သည့် အခြေအနေများ ရှိနိုင်သော ဂြိုဟ်တစ်လုံးကို သိပ္ပံပညာရှင်များ တွေ့ရှိထားကြောင်း လေ့လာချက်အသစ်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ ဂြိုဟ်သည် ကမ္ဘာထက် အရွယ်အစားအားဖြင့် နှစ်ဆကျော် ပိုကြီးသည်ဟု သိရသည်။

ကျွန်ုပ်တို့ နေအဖွဲ့အစည်း၏ ပြင်ပတွင် တည်ရှိသော အဆိုပါ exoplanet ဂြိုဟ်တွင် သက်ရှိတို့ နေထိုင်ရန် သင့်လျော်သော အခြေအနေများနှင့်အတူ ရေပင် ရှိကောင်းရှိနိုင်ကြောင်း နက္ခတ္တဗေဒပညာရှင်များက ပြောသည်။

အဆိုပါ ဂြိုဟ် Super Earth သည် ကမ္ဘာကနေ အလင်းနှစ် ၁၂၄ အကွာတွင် တည်ရှိကြောင်း သိရသည်။

K2-18b ဟု ခေါ်သည့် အဆိုပါ ဂြိုဟ်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနက် ကမ္ဘာထက် အရွယ်အစားကြီးသော Super Earth ဂြိုဟ်ပေါင်း ရာနှင့်ချီတို့အနက် တစ်လုံးပင် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလက အဆိုပါ K2-18b ဂြိုဟ်၏ ဟိုက်ဒရိုင်ဂျင် ပြည့်နှက်နေသော ဝန်းကျင် atmosphere ထဲတွင် ရေငွေ့ တွေ့ရှိကြောင်း မတူညီသည့် သုတေသီအဖွဲ့နှစ်ခုက ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဂြိုဟ်ကို လွှမ်းခြုံထားသော ဓာတ်ငွေ့ထု atmosphere ၏ အတိုင်းအတာနှင့် အောက်ခြေအတွင်းပိုင်းရှိ အခြေအနေတို့နှင့်ပတ်သက်၍ မသိရှိရသေးဟု သုတေသီများက ပြောသွားခဲ့သည်။

“ Exoplanets တွေရဲ့ ဝန်းကျင်မှာ ရေငွေ့တွေ့ရှိထားခဲ့ပါတယ်၊ ဒီဂြိုဟ်ကတော့ နေထိုင်ဖို့ သင့်တော်တဲ့ ဇုန်ထဲမှာ ရှိနိုင်ပါတယ်၊ ဒီလို ပြောလို့လဲ ဒီဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာ နေထိုင်ဖို့ သင့်တော်နိုင်တဲ့ အခြေအနေတွေ ရှိမယ်လို့ သေချာပေါက်တော့လည်း ပြောလို့မရသေးပါဘူး” ဟု ယခုလေ့လာချက်ကို ဦးဆောင်ခဲ့သည့် Cambridge တက္ကသိုလ်မှ သုတေသီ Nikku Madhusudhan က ပြောသွားသည်။

ယင်းဂြိုဟ်သည် သမုဒ္ဒရာကမ္ဘာတစ်ခု ဖြစ်နိုင်ကြောင်း၊ ယင်း၏ atmosphere အောက်ခြေတွင် ရေများ ရှိနိုင်ပြီး ဖိအားများနှင့် အပူချိန်များသည်လည်း ကမ္ဘာ့မြေရှိ သမုဒ္ဒရာများမှာကဲ့သို့ တူညီနေနိုင်ကြောင်း သုတေသီများက ပြောသွားသည်။

ယင်းလေ့လာချက်ကို Astrophysical Journal Letters တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly