မြန်မာ့စီးပွားရေးဘဏ်အင်းစိန်တွင် လက်မှတ်တုဖြင့် ငွေကျပ် သိန်းတစ်ထောင်ကျော် ထုတ်ယူမှုဖြစ်ပွား

မြန်မာ့စီးပွားရေးဘဏ်အင်းစိန်တွင် လက်မှတ်တုဖြင့် ငွေကျပ် သိန်းတစ်ထောင်ကျော် ထုတ်ယူမှုဖြစ်ပွား

ဖေဖေါ်ဝါရီလ ၂၆ ။               ။ အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေကျပ်သိန်းတစ်ထောင်ကျော်အား လက်မှတ်အတုဖြင့် ထုတ်ယူသွားသူဘဏ်ဝန်ထမ်းကို အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်းမှ သိရသည်။

ဖေဖေါ်ဝါရီလ ၂၅ရက်တွင် ဘဏ်မန်နေဂျာဖြစ်သူဒေါ်လှလှဝင်းမှ တရားလိုအဖြစ် အမှုဖွင့်လှစ်ခဲ့ပြီးအင်းစိန်မြို့မရဲစခန်မှ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်းသိရသည်။

“တရားခံတော့ မမိသေးပါဘူး။ ၂၄ ရက်က ဘဏ်က စစ်ဆေးတော့ သိတယ်။ ၂၅ရက်မှာ အမှုဖွင့်တာပါ။ တရားခံနာမည်ကတော့ ပြောလို့မရသေးဘူး။ စစ်ဆေးနေတုန်းပါ။”ဟု အင်းစိန်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ချေးငွေရယူထားသူများ၏ ငွေသွင်းငွေထုတ်စာရင်းများကို ဖေဖေါ်ဝါရီလ ၂၄ ရက်က စစ်ဆေးရာမှ ငွေကျပ်သိန်းတစ်ထောင်ကျော်ကို လက်မှတ်တုဖြင့် ငွေထုတ်ယူခြင်းကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ငွေကျပ်သိန်းတစ်ထောင်ကျော် ထုတ်ယူသွားသည်ဟု အင်းစိန်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းဖြစ်သူ မေတ္တာညွှန့်ရပ်ကွက် တာမွေမြို့နေထိုင်သူ ဒုကြီးကြပ်ရေးမှူးအဆင့်ရှိသူကို ပ ၃၃၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၄၀၉ မှာ ယုံကြည်စွာ အပ်နှံခံထားရခံရသူသည် ထိုပစ္စည်းနှင့် စပ်လျဉ်၍ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ဖြစ်စေ ဆယ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly