တရုတ်ကို ကန်ဒေါ်လာ ၃ သိန်း တန်ဖိုးရှိ ဆေးပစ္စည်းများ မြန်မာ့တပ်မတော် လှူဒါန်း

တရုတ်ကို ကန်ဒေါ်လာ ၃ သိန်း တန်ဖိုးရှိ ဆေးပစ္စည်းများ မြန်မာ့တပ်မတော် လှူဒါန်း
ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆။       ။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် Convic-19 (ကိုရိုနာဗိုင်းရပ်)ခေါ် ဗိုင်းရပ်စ်တစ်ခု  တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် တရုတ်ပြည်သူများအတွက် မြန်မာ့တပ်မတော်မှ ကန်ဒေါ်လာ ၃ သိန်းဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

အမေရိကန်ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိ Surgical Masks (2 Ply) ၉၀၀၀၀ ခု၊ Type-N 95(SM Particulate Respirator Masks) ၉၀၀၀၀ ခု၊ SaFety Goggles ၉၀၀၀၀ ခု စသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်း များကို မြန်မာ့တပ်မတော်မှ သွားရောက် လှူဒါန်းခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို မြန်မာ့တပ်မတော်က ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် သွားရောက် ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai ကလည်း နေပြည်တော်လေဆိပ်သို့ လာရောက် ခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ မိမိတို့ လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများသည် ပမာဏအားဖြင့် မများသော် လည်း တရုတ်ပြည်သူများအတွက် အသက်အန္တရာယ် ကာကွယ် ရာ၌ အထောက်အကူ ဖြစ်စေနိုင်ရန် ရည်ရွယ်ပါတယ်”ဟု တရုတ်သံအမတ်နှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

တရုတ်သံအမတ်က ရောဂါကူးစက်ပျံ့နှံမှု မရှိစေရေး၊ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု မရှိစေရေး တင်းကြပ်စွာ ဆောင်ရွက်နေကြောင်း၊ တရုတ်အစိုးရမှ အမြန်ဆုံး ပုံမှန်ဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားကြောင်း ပြန်လည် ပြောခဲ့သည်။

၎င်းက “ဆေးပညာအရ  ကိုရိုနာဗိုင်းရပ်စ် ရောဂါသည် အပူချိန်များသည့် ရာသီဥတု အခြေအနေတွင် ဖြစ်ပွား ရန် ရာခိုင်နှုန်း နည်းပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ကုသိုလ်ကံ ကောင်းမွန်ပြီး ပြည်သူ/ပြည်သား အားလုံး ကျန်းမာပါစေ”ဟု ပြောသည်။

တရုတ်သံ အမတ်က အထက်ပါအတိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့သည်ဟု တပ်မတော်မှ သတင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် အစိုးရက တရုတ်နိုင်ငံသို့ ဆန်လှူဒါန်းရန် ပြင်ဆင်နေပြီး တရုတ်အစိုးရနှင့် ညှိနှိုင်းနေ ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly