တရုတ်တွင် မြန်မာသင်္ဘောသား ၂၀၀ ကျော် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရ

By ကျော်ဝေမင်း
26 February 2020
တရုတ်တွင် မြန်မာသင်္ဘောသား ၂၀၀ ကျော် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရ
Photo - AFP

ဖေဖော်ဝါရီ ၂၆ ။                 ။ တရုတ်နိုင်ငံတွင် မြန်မာသင်္ဘောသား ၂၀၀ ကျော်တို့သည် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမား များအဖွဲ့ ချုပ် ထံမှသိရသည်။

အဆိုပါ မြန်မာသင်္ဘောသားအများစုသည် တရုတ်နိုင်ငံမှ တားမြစ်ထားသည့် ကုန်ပစ္စည်းများနှင့် အေးခဲအသားငါးများတင်ဆောင်မှုဖြင့် တရုတ်နိုင်ငံအတွင်းရှိအကျဉ်းထောင်များ၊ အချုပ်စခန်းများနှင့် ထိန်းသိမ်းရေး စခန်း များတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းအား ပြီးခဲ့သည့် ၂၀၁၉ ဇွန်လကုန်ပိုင်းမှစတင် ခံခဲ့ကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ကသိရသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဌဦးစိုးမင်းအောင်က “ ကျွန်တော်တို့ မြန် မာသင်္ဘောသားတွေအနေနဲ့ တရုတ်နိုင်ငံမှာအဖမ်းခံထားရတာနဲ့ ပတ်သက်ပြီးအခုတလောအသံတွေ ကျယ် ကျယ် လောင်လောင်ထွက်ပေါ်နေပါတယ်၊ အဲဒီလိုအဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသားတွေအနေနဲ့ သူတို့ လိုက်ပါတဲ့ သင်္ဘောဟာ တရားမဝင်သင်္ဘောတွေမဟုတ်ပါဘူး မှတ်ပုံတင်လိုင်စင် စတာတွေ ပြောရရင်တော့ ပင်လယ် ကူး သင်္ဘောတစ်စီးလိုက်နာရမဲ့အချက်အလက်တွေနဲ့ အကုန်ပြည့်စုံပါတယ်၊ ဒါပေမယ့် တရုတ်နိုင်ငံဘက်ကကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေကိုတင်ဆောင်တာမျိုးတွေနဲ့ ဖမ်းခံထားရတာပါ “ ဟုပြောသည်။

မြန်မာသင်္ဘောသားများလိုက်ပါခဲ့သောသင်္ဘောများသည် ပင်လယ်ကူးသင်္ဘောများလိုက်နာရမည့် မှတ်ပုံတင်လိုင်စင်ရှိသောတရားဝင်သင်္ဘောများဖြစ်ပေမယ့် တင်ဆောင်သွားသောကုန်စည်များမှာ တရုတ်နိုင်ငံ မှတားမြစ်ထား သည့်ကုန်စည်များဖြစ်နေခြင်းကြောင့်ဖမ်းဆီးခံရခြင်းဖြစ်သည်။တရားမဝင်ကုန်စည်ဟုဆိုရာတွင် သကြားနှင့် အေးခဲအသားငါးများတင်ဆောင်ခြင်းသာသိရပြီး ကုန်စည်နဲ့အဖမ်းခံရသည့် သင်္ဘောအစီးရေကိုတော့ သိရှိခြင်း မ ရှိဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချုပ်မှဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်အနေဖြင့် တရုတ်နိုင်ငံ ၊နိုင်ငံခြားရေးဝန်ကြီးဌာန နှင့်တရုတ်နိုင်ငံအခြေစိုက် အလုပ် သမားအဖွဲ့အစည်းများထံသို့ စာဖြင့် ဆက်သွယ်ကာအကူအညီများတောင်းခံထားကြောင်းသိရသည်။

“ အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်သွားပြီဆိုရင် အဖမ်းခံထားရတဲ့သူခြောက်ဆယ်လောက် ပြန်လွတ်ဖို့ရှိတယ်လို့ အကြမ်းဖျင်းသိရပါတယ်၊ တရုတ်နိုင်ငံအစိုးရအဖွဲ့အနေနဲ့လည်း ပြစ်ဒဏ်တွေကိုလျော့ ပေါ့ ပေးထားတယ်လို့လည်း ကြားပါတယ်၊ အခုလိုအဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသားအရေးကိုကိုယ့်ကုမ္ပဏီကမဟုတ်လို့ ကိုယ့်လူမဟုတ်လို့ဆိုပြီး ငြိမ်မနေပါနဲ့ ဒါကအားလုံး ဝိုင်းတွန်းမှ ရမှာပါ “ ဟု ဝါရင့် ပင်လယ် ကူး သင်္ဘောသား ဦးဝင်းအောင်က ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများသည် တရုတ်နိုင်ငံကျန်စူးပြည်နယ်၊ ဖူးကျန့်ပြည်နယ်၊ စီယောင်နင်း ပြည်နယ်၊ ကျတ်ကျန်းပြည်နယ်၊ ရှမ်းတုန်းပြည်နယ်များအပါအဝင် ပင်လယ်နှင့် နီးစပ်သည့် ပြည် နယ်အများစုရှိထိန်းသိမ်းရေးနှင့် အကျဉ်းစခန်း (၁၈) ခုတို့၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကာ မြန်မာနိုင်ငံရှိ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိစေရေးဆောင်ရွက်ပေးလျှက်ရှိနေကြောင်းကိုလည်းဖေဖော်ဝါရီလ (၂၅) ရက်နေ့၌ တရုတ်နိုင်ငံဘေကျင်းမြို့ မြန်မာသံရုံးကထုတ်ပြန်ထားသည်။

“ အခုနောက်ဆုံးကတော့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ အမှုဖြစ်စဉ်တစ်ခုချင်းစီအတွက် စာတစ်စောင်စီပေးပို့ပေးပါ သူတို့ ပြန်လည်စိစစ်ပါမယ်ဆိုပြီးပြောလာတဲ့အတွက် ကျွန်တော်တို့ အမှုတစ်ခုချင်း စီ အတွက် စာတစ်စောင်စီပေးပို့နေပါတယ်၊ ဒီနေ့ကိုစာခြောက်စောင်ပေးပို့ထားပါတယ်၊ သူတို့ထဲမှာက ပြစ် ဒဏ်ကျခံနေရတဲ့သူတွေလည်းရှိသလို၊ အချုပ်နဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေလည်းရှိတယ်၊ နောက်ဆုံးမသင်္ကာနဲ့ စီစစ် ခံ နေရတာလည်းရှိတယ်၊ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်မယ့် အခြေအနေကတော့ ကျွန်တော်တို့ ရတဲ့စာရင်းအချက်အလက်အရအတိအကျတော့ မသိရပါဘူး “ ဟုတရုတ်နိုင်ငံဘေကျင်းမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိ သူ တစ်ဦး က ပြောသည်။

၂၀၁၉ခုနှစ် ဇွန်လကုန်ကနေ ယနေ့အထိဖမ်းဆီးခံရသူ ၂၀၀ကျော်ရှိနေသည်။အဆိုပါ ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများအရေးနှင့် ပတ်သက်၍ စိတ်ပူပန်နေကြသည့် မိသားစုဝင် များအနေဖြင့် တရုတ်နိုင်ငံ ဘေ ကျင်းမြို့ မြန်မာသံရုံးထံသို့ အီးမေးလ်ဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်းတိုက်ရိုက်ဆက်သွယ်ကာအကူအညီများတောင်းခံနိုင်ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထား သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly