ဟာဇက် ဒီရာသီ ပြန်ကစားနိုင်မလားဆိုတာ မသေချာတော့ဘူးလို့ ဇီဒန်း ထုတ်ဖော်ပြော

ဟာဇက် ဒီရာသီ ပြန်ကစားနိုင်မလားဆိုတာ မသေချာတော့ဘူးလို့ ဇီဒန်း ထုတ်ဖော်ပြော
Photos: EPA

ဟာဇက်ဟာ ပြီးခဲ့တဲ့  စနေနေ့က နောက်ထပ် ခြေထောက်ဒဏ်ရာရှိခဲ့ပြီးနောက် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဒီရာသီ ပြန်ကစားနိုင်မလားဆိုတာ မသေချာတော့ဘူးလို့ ရီးယဲလ်နည်းပြ ဇီဒန်းက အင်္ဂါနေ့က ပြောပါတယ်။

အခုလို ခြေကျင်းဝတ်ဒဏ်ရာ ပြန်မရမီ ဟာဇက်အနေနဲ့ ပုံစံတူ ဒဏ်ရာကြောင့် (၃)လနီးပါး အနားယူရပြီး လီဗန်တေးကို (၁-၀)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဒဏ်ရာပြန်လည်ရရှိခဲ့တာပါ။

"ခွဲစိတ်ဖို့လိုလား မလိုလားလည်း ကျနော့်အပိုင်း မဟုတ်တော့ သေချာ မပြောနိုင်ပါဘူး။"လို့ ဇီဒန်းက ဗုဒ္ဓဟူးနေ့မှာ ဘာနေဗျူးမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပထအကျော့မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ပြီးတော့ သူ့ရဲ့ဘောလုံးရာသီ ကုန်ဆုံးသွားပြီလာဆိုတာ ကျနော် မသိပါဘူး။ မဖြစ်ပါစေနဲ့လို့တော့ မျှော်လင့်ပါတယ်။"

ဟာဇက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးကနေ ရီးယဲလ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် စပိန်မှာ သူ့ရဲ့ပထမရာသီဟာ ဒဏ်ရာတွေနဲ့ ဖြတ်သန်းနေခဲ့ရပါတယ်။

သူဟာ ရာသီမစခင် လေ့ကျင့်ရေးအစီအစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိပြီး စက်တင်ဘာလမှာ ပြန်လာပြီးနောက် ပုံစံကောင်းနဲ့ ကြံ့ခိုင်မှု ပြန်လည် ရရှိဖို့ အချိန်ယူခဲ့ရပါတယ်။

သူဟာ ဒီရာသီမှာတော့ အသင်းအတွက် (၁၅)ပွဲသာ ကစားပေးထားနိုင်သလို (၁)ဂိုးသာ သွင်းယူပေးထားနိုင်သေးပါတယ်။

"သူမပျော်ဘူးဆိုတာ ကျနော် သိပါတယ်။ အကောင်းဘက်ကကြည့်ပြီး သူ ဆက်ရှိနေဖို့ အရေးကြီးတယ်။ ဒါပေမယ့် အမှန်တော့ ခက်ခဲပါတယ်။ ဒါဟာ ဆိုးရွားတဲ့ အခိုက်အတန့်တစ်ခုပါ။ လွယ်လွယ်လေးတော့ မဟုတ်ပါဘူး။ သူ ခဏလောက် ဒီလို ခံစားနေလိမ့်မယ်။"လို့ ဇီဒန်းက ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly