ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန်ဖရန်စစ္စကိုတွင် အရေးပေါ် အခြေအနေ ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန်ဖရန်စစ္စကိုတွင် အရေးပေါ် အခြေအနေ ကြေညာ
Photo: EPA

ဖေဖော်ဝါရီ ၂၆ ။                ။ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မည်မှာ မလွဲနိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက သတိပေးလိုက်ပြီးနောက် လူသေဆုံးစေနိုင်သော ကိုရိုနာဗိုင်းရပ်စ်အတွက် ကယ်လီဖိုးနီးယား ပြည် နယ်၊ ဆန်ဖရန်စစ္စကိုမြို့က အရေးပေါ်အခြေအနေ ကြေညာသည်။

“ကမ္ဘာတစ်လွှားမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုက ရုတ်ခြည်းပြောင်းလဲနေကြောင်း၊ မြို့တာဝန်ရှိသူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုကြောင်း’ ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ချက်၌ မြို့တော်ဝန် လန်ဒန်ဘရိဒ်က အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။

“နေ့စဉ်နေသမျှ ဒီ ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နေရာသစ်တွေမှာ ပျံ့နှံ့နေတာကို ကျွန်တော်တို့ တွေ့မြင်ရတယ်။ ဆန်ဖရန်စစ္စကိုမြို့ မထိခိုက်ရအောင် ကာကွယ်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်။”ဟု ၎င်းက ဆိုသည်။

ဆန်ဖရန်စစ္စကိုတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခြင်း မရှိသေးပေ။ သို့သော် လက်ရှိ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ကမ္ဘာတစ်ဝန်း၌ ၈၀၂၀၀ ကျော် ရှိနေပြီး အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်ကာ ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံး သူပေါင်းက ၂၇၀၀ ကျော် ရှိသွားပြီဖြစ်သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မည်က မလွဲဧကန်ဖြစ်နိုင်ပြီး မည်သည့်အချိန် ကူးစက်လာမည်ဆိုသည်ကိုသာ မသိနိုင်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ CDC က ပြောဆိုပြီးနောက်တွင် မြို့ တော်ဝန်၏ အရေးပေါ် ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

CDC ၏ ကိုယ်ခံစွမ်းအားနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာအမျိုးသားစင်တာ၏ ညွှန်ကြားရေးမှူးဖြစ်သူ နန်စီမစ်ဆန်နီးယားက ထုတ်ပြန်ချက်တစ်ရပ်၌ ‘ကမ္ဘာ့နိုင်ငံများ၌ ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်၏ နယ်စပ်တွင် ရောဂါထိန်းချုပ်ရေးက ပို၍ပို၍ ခက်ခဲသထက် ခက်ခဲလာကြောင်း’ သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly