ရည်ရွယ်ချက် သုံးချက်ဖြင့် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

ရည်ရွယ်ချက် သုံးချက်ဖြင့် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

ဖေဖော်ဝါရီ ၂၅။               ။ လာမည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို “တစ်ဦးချင်းဆောင်ရွက် ညီမျှမှုအတွက်” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းကျား၊မ ရေး ရာတန်းတူညီမျှရေးကွန်ရက်မှ သိရသည်။

အဆိုပါ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာအမျိုးသား၊ အမျိုးသမီးများ၏ မတူကွဲပြားစွာလိင်စိတ်တိမ်းညွှတ်မှု၊ လိင်ဝိသေသခံယူထားသူနှင့် မသန်းစွမ်းသူများအားလုံးသည် ကဏ္ဍအသီးသီးရှိခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အပိုင်းတွင် တန်းတူညီမျှ ပါဝင်ရေးကိုဖော်ဆောင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်အဖွဲ့ဝင် မိုင်တီဆွီလျန်းက “အဓိက ၃ ချက်ပေါ့နော်။ အမျိုးသမီးများ၏ စွမ်းရည်နှင့် လူ့ဘောင်လောကမှာအမျိုးသမီးတွေရဲ့ အကျိုးပြုမှုတွေကိုအသိမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုတာဖြစ်  ပါတယ်။ ဒုတိယအချက်ကနိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချနိုင်တဲ့ အခန်းကဏ္ဌတွေမှာအမျိုးသမီးတွေပိုမိုပါဝင်လာစေရန်၊ ပြီးတော့ အမျိုးသမီးများရဲ့ အခွင့်အရေးနှင့် ရပိုင်ခွင့်တွေကိုအဟန့်အတားဖြစ်စေတဲ့ အမျိုးသမီးများကို အကြမ်းဖက်မှုပပျောက်စေရန်ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနှင့် ဒီနှစ်ကျင်းပသွားမှာဖြစ်ပါတယ်။ ”ဟု ပြောသည်။

အမျိုးသမီးများအားဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတစ်ဝန်းမှာအသီးသီးကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်ကဦးဆောင်ပြီးရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံတွင် မတ်လ (၈) ရက်နေ့မှာကျင်းပသွားမည် ဖြစ်သည်။

ထိုသို့ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားနှင့် ပတ်သက်ပြီးမီဒီယာများအားအသိပေးမိတ်ဆက်ပွဲကိုရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာဖေဖော်ဝါရီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းကကျင်း ပပြုလုပ် ခဲ့သည်။

ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်အဖွဲ့ဝင်ဒေါ်စုစုငယ်က“အမျိုးသမီးတွေအကြမ်းဖက်ခံနေရရင် တန်းတူရှေ့ကိုမရောက်လာနိုင်ဘူးဆိုပြီး ကျွန်မတို့ သုံးသပ်ထားတာရှိတယ်။ ဒါကြောင့်  ကျွန်မတို့ ကျား၊မရေးရာတန်း တူညီမျှမှုလုပ်ဆောင်နေတဲ့အနေနဲ့ ကျား၊မအခြေပြုအကြမ်းဖက်တာကိုလည်းတားဆီးနိုင်အောင် လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ဆောင်နေပါတယ်။”ဟုပြောသည်။

အမျိုးသမီးများ၏ အခွင့်အရးနှင့်ရပိုင်ခွင့်များကိုအဟန့်အတားဖြစ်စေသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၁၉၀၈ ခုနှစ်ကအမေရိကန်နိုင်ငံနယူးယောက်မြို့ရှိအထည်ချုပ်စက်ရုံများရှိအမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အလုပ်ချိန်များအား လျှော့ချခြင်း၊ လစာတိုးရန်နှင့် မဲပေးခွင့်များရရှိရန် ဆန္ဒပြတောင်းဆိုခဲ့ရာမှ အပြည် ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အစပြုခဲ့ခြင်းဖြစ်ပြီး ၁၉၁၀ ခုနှစ် ကိုဖီဟေဂင်မြို့တွင် ကျင်းပသည့် ညီလာခံတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ်မှ စတင်ကာမတ်လ (၈) ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ် မှတ်ကာ လက်ရှိအချိန်ထိကျင်းပပြုလုပ်နေကြခြင်းလည်းဖြစ်သည်။

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly