အင်အားကြီးတဲ့ သူတွေအနေနဲ့ အများကြီး မသမာမှုတွေ လုပ်နိုင်တယ်

အင်အားကြီးတဲ့ သူတွေအနေနဲ့ အများကြီး မသမာမှုတွေ လုပ်နိုင်တယ်

ဖေဖော်ဝါရီ ၂၀ ရက်က ပြည်သူလွှတ်တော်မှ မဲခွဲ အတည်ပြုခဲ့သည့် ရောက်ရှိရာဒေသတွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့် ပြုသည့်အပေါ်  ပဉ္စမအကြိမ်ပြင်ဆင်သည့် ရွေးကောက်ပွဲ နည်းဥပဒေပါ နည်းဥပဒေ ၁၀ တွင် ပါရှိသည့် အချက် သည် လူနည်းစု တိုင်းရင်းသား ဒေသခံများ နစ်နာနိုင်ခြင်းကြောင့် နိုင်ငံရေးပါတီများက ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။

မူလစကားရပ်မှာ ရက်ပေါင်း ၁၈၀ ထက် မနည်း နေထိုင်သူကို မဲပေးခွင့်ပြုသည့် စကားရပ်အစား ရက်ပေါင်း ၉၀ ထက် မနည်းကို အစားထိုး ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)တွင် ပါဝင်သည့် တိုင်းရင်းသားပါတီ ၁၄ ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး UNA တွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အပါအဝင် တိုင်းရင်းသားပါတီ ၁၄ ပါတီ ပါဝင်သည်။

ထိုသို့ ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို မဇ္ဈိမ သတင်း ဌာနမှ သတင်းထောက် မေရည်ငြိမ်းချမ်းက မေးမြန်းထားပါသည်။

မေး။       ။ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေ မဲပေးခွင့်ကို ရောက်ရှိရာဒေသမှာ ရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံ နဲ့ မဲပေးခွင့် ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး အန်ကယ်တို့ UNA မဟာမိတ်အဖွဲ့ဝင် နိုင်ငံရေးပါတီတွေ ကန့်ကွက်ရတာက ဘာ ကြောင့်လဲ။

ဖြေ။        ။ အဲဒါက တိုင်းရင်းသား နယ်မြေဗျ၊ တချို့ တိုင်းရင်းသား နယ်မြေတွေဆိုတာ လူဦးရေ ပါးတယ်ဗျ။ နည်းနည်း လေးပဲ ရှိတယ်။ အဲဒီနေရာတွေမှာ တခြား မဲဝယ်တာတို့၊ ဘာတို့ မဖြစ်အောင်။ မသမာမှုတွေ ဖြစ်တတ်တယ်။ ရက်ပေါင်း ၉၀ ဆိုတဲ့ဟာက အချိန်ကာလအားဖြင့် အင်မတန် တိုတောင်းတယ်။
လွှတ်တော်နိုင်ငံရေးကလည်း အရေးပါလာတယ်။ မသမာမှုတွေ မဖြစ်အောင်ရယ် တိုင်းရင်းသားတွေရဲ့ မူလ အခွင့်အရေး ကို ကာကွယ်နိုင်အောင်ရယ်၊ အန်ကယ်တို့က ဒီစာကိုထုတ်တာပါ။ တချို့ တိုင်းရင်းသား နယ်မြေတွေက မဲဆန္ဒရှင်တွေ ဘယ်လောက်မှ မရှိဘူး။ အဲဒီတော့ မဲဆန္ဒနယ်ပြင်ပရောက် ရွေ့ပြောင်းလုပ်သားတွေ မဲထည့်ခွင့်ရသွားရင် ဒေသခံတွေရဲ့ လိုအပ်ချက်ကို လုပ်ပေးနိုင်တော့မှာ မဟုတ်ဘူး။
တချို့ ဒေသတွေမှာ ရွေ့ပြောင်း လုပ်သားတွေက ဒေသခံ မဲဆန္ဒရှင်တွေထက် လူဦးရေ များလာရင် လူနည်းစု ဒေသခံ တွေရဲ့ ကိုယ်စားလှယ် ရွေးချယ်ခွင့်က ဆုံးရှုံးလာနိုင်တယ်။ တနည်း အားဖြင့် ပြောရင်တော့ အန်ကယ်တို့ တိုင်းရင်းသား လူနည်းစုအတွက် အခွင့်အရေးဆုံးရှုံးတယ်။ အဲဒါကြောင့် အန်ကယ်တို့ တိုင်းရင်းသား မဟာမိတ်ပါတီတွေ စုပေါင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မေး။        ။ UNA အနေနဲ့ ဘာကြောင့် ပူးပေါင်းပြီး ကန့်ကွက်ဖြစ်တာလဲ။

ဖြေ။        ။ UNA မှာက တိုင်းရင်းသားပါတီ ၁၂ ပါတီက ပါပြီးသားလေ၊ တိုင်းရင်းသားပါတီ ၁၂ ပါတီပါတယ်။ အခု ထပ်ပူးပေါင်းတာက ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီနဲ့ လူ့ဘောင်သစ်ပါတီ တို့ ထပ်ပူးပေါင်း ဖြစ်တယ်။ နဂိုတည်းကလည်း သူတို့က မဟာမိတ်အနေနဲ့ ပါလာပြီးသားဆိုတော့ ပါတီ ၁၄ ပါတီပေါင်းပြီး ထုတ်ပြန် ဖြစ်တာပါ။

မေး။       ။ ဒီမဲပေးခွင့် ကိစ္စက ဘယ်လောက်အထိ အရေးကြီးသလဲ။

ဖြေ။       ။မဲပေးခွင့်က ဘယ်လောက်အထိ အရေးကြီး နေလဲဆိုတော့ ဒီမိုကရေစီနိုင်ငံတစ်ခု အပြောင်းအလဲမှာ ပြည်သူ တွေရဲ့ ဆန္ဒက မဲပေါ်မှာဘဲ မူတည်တယ်။ သူတို့ရဲ့ ကိုယ်စားပြုမှုက ပြည်သူတွေရဲ့ စိတ်ဆန္ဒကို ဖော်ထုတ်ဖို့ အတွက် သူတို့ရဲ့ မဲနဲ့ အဆုံးအဖြတ် ပေးတာဖြစ်တယ်။
ဒီမဲပေးခွင့်မှာမှ အင်အားကြီးလို့သော် လည်းကောင်း၊ တခြားသော နည်းနဲ့ မသမာမှုတွေနဲ့ရော ငွေအားဖြင့်သော်လည်း ကောင်း၊ အာဏာအားဖြင့် သော်လည်းကောင်း ဒီလိုမျိုး ရွေ့ပြောင်းလာပြီးတော့ ရက်ပေါင်း ၉၀ ဆိုတာကတော့ သာမန် ပါတီတွေ အနေနဲ့ ခက်ခဲပေမယ့် အင်အားကြီးတဲ့ သူတွေအနေနဲ့ အများကြီး မသမာမှုတွေ လုပ်နိုင်ပြီးတော့ အဲဒီ ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်စားလှယ်ရွေးချယ်ခွင့်မှာ အများကြီး ထိခိုက်လိမ့်မယ်။

မေး။      ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ဒီနည်းဥပဒေ အတည်ပြုဖို့နဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေး တိုင်ပင်ခဲ့တာမျိုး ရှိပါသလား။

ဖြေ။      ။ အဲဒါ အန်ကယ်တို့ကိုတော့ ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိပါဘူး။ ခေါ်ယူ တွေ့ဆုံဆွေးနွေးတာမရှိပါဘူး။

မေး။     ။ တခြား အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ရော ဆွေးနွေးတိုင်ပင်ခဲ့တာ ရှိပါသလဲ။

ဖြေ။      ။ ရှေ့ပိုင်းမှာဆိုတော့ ပြီးခဲ့တဲ့ တခေါက် အစည်းအဝေးခေါ်တုန်းက အဓိကက ကော်မရှင်က ခေါ်တဲ့ အစည်း အဝေး ခေါ်တုန်းက အန်ကယ်တို့နဲ့ တိုက်ရိုက်တော့ မပတ်သက်ဘူး။  ပြီးခဲ့တဲ့ အခေါက်တုန်းက ကော်မရှင်က ကွန်ပျူတာ ပစ္စည်းတွေ တင်သွင်းတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ခုက စွပ်စွဲတာကို ဖြေရှင်းတဲ့ဟာ ဘာဖြစ်လို့လဲဆိုတော့ ကော်မရှင်မှာက တချို့ လုပ်ထုံးလုပ်နည်းတွေ  ကော်မရှင်ရဲ့ လုပ်ငန်းမှာလိုအပ်တဲ့ လိုအပ်တာရှင်းလင်းတယ်။
အန်ကယ်တို့ နားလည်တာက ကော်မရှင်က ခေါ်တယ်ဆိုတာက ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ လုပ်ငန်းတွေ လုပ်ဆောင် တဲ့ နေရာမှာ ပါတီတွေအနေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲဆိုတာပဲ။ ပါတီရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာပဲ အစည်းအဝေး ခေါ်သင့်တယ်။ အခုက ကော်မရှင်ကို စွပ်စွဲတဲ့ဟာကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးပါတီတွေကို ခေါ်တယ် ဆိုတာမျိုးက သိပ်သဘာဝမကျဘူး။

မေး။      ။ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုနားလည်ထားလဲ။ အဓိပ္ပာယ်က နားလည် ရှင်းလင်းမှု ရှိရဲ့လား။ ကော်မရှင်ကရော အသေးစိတ် ရှင်းပြထားရဲ့လား။

ဖြေ။       ။ အဲဒါကတော့ ကျွန်တော်တို့ ရွာမှာလည်း ရှိပါတယ်။ တချို့လည်း အလုပ် တာဝန်တစ်ခုခုနဲ့ မဲဆန္ဒနယ် ပြင်ပ ထွက်သွားတာတို့ ဒါမျိုးတွေကတော့ ကြိုတင်မဲ ထဲမှာ ပါသွားမယ် ထင်ပါတယ်။ အဲဒါမျိုးကတော့ အန်ကယ်တို့လည်း မမေးဘူးတော့ သေချာမသိဘူး။ မနက်ဖြန်တော့ ကော်မရှင်နဲ့တွေ့တဲ့နေရာမှာ အဲဒီမှာ ကိုယ်စား မေးပေးရမှာပေါ့။
ဒါတွေက သူတို့ သုံးသွားတဲ့ ဝေါဟာရကို အန်ကယ်တို့ နားမလည်ဘူး။ နားလည်တာကတော့ ကော်မရှင်မှာ အဲဒီလို အဝေးရောက် မဲပေးတဲ့နေရာမှာ ဒီနေရာမှာ တာဝန်ထမ်းဆောင် နေတယ်ဆိုရင်တော့ ရှိခဲ့တယ်ဆိုတာမျိုး ဆိုရင်တော့   ဒါက မဲဆန္ဒနယ်ပြင်ပကို ရောက်သွားမှာပေါ့။
အဲဒါဆိုရင်တော့ ကြိုတင်မဲ ပေးလို့ရတယ်လို့ အဲလိုပဲ နားလည်ထားတယ်။ မနက်ဖြန်မှာ နိုင်ငံတကာအဖွဲ့အစည်း တစ်ခု ကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်မယ့်ပွဲရှိတယ်။ ကော်မရှင်ကနေ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ကိစ္စတွေ ဆွေးနွေး ဖို့ရှိတယ်။ အဲဒီမှာ ကော်မရှင် ကိုယ်စားလှယ်တွေ ပါမယ်။ ပါတော့ အန်ကယ်တို့လည်း အဲဒါကို ကော်မရှင်ကို မနက်ဖြန် မေးဖို့ရှိမယ်။ ပြည်သူ့လွှတ်တော်မှာလည်း ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ မဲခွဲ အတည်ပြုကြပါတယ်။ အမျိုးသား လွှတ်တော်မှာလည်း ထပ်ဆွေးနွေးဖို့ ရှိတယ်။ ဒါပေမယ့် သူတို့ တင်လာတာကို မဲခွဲမယ်ဆိုရင်တော့ တိုင်းရင်းသားတွေ အနေနဲ့ ရှုံးဖို့ရှိတာပေါ့။

မေး။       ။ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေကို ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ရင် မဲပေးခွင့်ပေးတာနဲ့ ပတ်သက်ပြီးတော့ရော၊နောက် အရင်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေ အပေါ်ရော သုံးသပ်ချင်တာမျိုး ရှိပါသလား။

ဖြေ။      ။ ရက်ပေါင်း ၁၈၀ ထက် မနည်းဆိုတဲ့ စကားရပ်အပေါ်မှာ ဒီအတိုင်း ထားရင်တော့ ဘာမှ အငြင်းပွားစရာမရှိဘူး။  အန်ကယ်တို့ ရက်ပေါင်း ၉၀ ကို ကန့်ကွက်တာက တိုင်းရင်းသား ဒေသတွေမှာ ဥပမာ-ကချင်တို့လို နေရာမျိုး၊ ကယားတို့လို နေရာမျိုးတွေအတွက် တခြားသော ပြည်နယ်တွေမှာလည်း  မဲဆန္ဒရှင် ဦးရေ နည်းနေတာတွေရှိတယ်။ အဲဒီနေရာတွေ အတွက် ကန့်ကွက်ရတာပါ။

မေး။     ။ ရွေ့ပြောင်း လုပ်သားတွေ အတွက်ရော  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဘယ်လို အကြံပြု ချင်တာ ရှိလဲ။

ဖြေ။      ။ အမှန်တကယ်ကတော့ ဥပဒေကို ဒီအတိုင်းထားတာ ပိုကောင်းတယ်။ ဒီဟာတွေက မထိမကိုင်ဘဲ ထားရင် လည်း ဘာမှမဖြစ်ပါဘူး။ သူတို့ ထိလိုက် ကိုင်လိုက်မှပဲ ပုံစံပျက်တာပေါ့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပို ထိခိုက် သွားတယ်။

မေး။      ။ ထပ်ဖြည့်စွက် ပြောချင်တာရှိပါသလား။

ဖြေ။     ။ ကျွန်တော်တို့ ပြည်ထောင်စုက တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလေ။ ကြားနေရတာက တိုင်းရင်းသားတွေကို ဦးစားပေးမယ်။ ညှိနှိုင်းမယ်ဆိုပြီး လက်တွေ့ တွေ့ရတာ အကောင်အထည် ဖော်နေတာက ကျွန်တော်တို့တွေရဲ့ အကျိုးစီးပွားနဲ့ ကင်းကွာနေတယ်။ ဒီဟာကိုတော့ ပြုပြင်ဖို့လိုတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly