အိန္ဒိယမှာ ဆန္ဒပြပွဲတွေနဲ့အတူ အကြမ်းဖက် ပဋိပက္ခတွေဖြစ်လို့ လူ ၇ ဦး ထက်မနည်း သေဆုံး

အိန္ဒိယမှာ ဆန္ဒပြပွဲတွေနဲ့အတူ အကြမ်းဖက် ပဋိပက္ခတွေဖြစ်လို့ လူ ၇ ဦး ထက်မနည်း သေဆုံး

ဖေဖော်ဝါရီ ၂၅ ။                 ။ အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ယမန်နေ့က အငြင်းပွားဖွယ် နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ပြီး အကြမ်းဖက်အသွင်ဆောင် ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပြီးနောက် အနည်း ဆုံး လူ ခုနစ်ဦး သေဆုံးပြီး လူ ၁၅၀ ကျော် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါဟာ ယင်းနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရားဝင် ခရီးစဉ် ရောက်ရှိလာခဲ့ချိန်မှာပဲ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ ဥပဒေသစ်ကို ယမန်နှစ်က အတည်ပြုပြီးနောက်ပိုင်း ယမန်နေ့ ပဋိပက္ခတွေကတော့ အိန္ဒိယမြို့တော်မှာ လူအသေအပျောက်အများဆုံး ဖြစ်ခဲ့ပါတယ်။

ယမန်နေ့ ဆန္ဒပြပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း ရဲတစ်ဦးနဲ့ အရပ်သား ခြောက်ဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ အငြင်းပွား နိုင်ငံသား ဖြစ်ခွင့် ဥပဒေအပေါ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေ ဖြစ်ခဲ့တာ ဖြစ်ပြီး ခုလို လူသေဆုံးတဲ့အထိ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွင်းတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားတာ၊ ကျောင်းတွေ ပိတ်လိုက်တာ၊ လူစုဝေးမှုတွေအပေါ် တားမြစ်တာ တို့ကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly