အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ မိုးကြီးပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်

အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ မိုးကြီးပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်

ဖေဖော်ဝါရီ ၂၅ ။               ။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က ယင်းနိုင်ငံမှာ နှစ်တွေများစွာအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး လူ ၇၀ နီးပါးလောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေနောက်ပိုင်း ခုလို မြို့တော် ဂျကာတာမှာ ရေလွှမ်းမိုးမှုတွေ တကျော့ပြန် ပေါ်ပေါက်လာခဲ့ပြန်တာ ဖြစ်ပါတယ်။

ယခု ပေါ်ပေါက်လာခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လက်တလော သေဆုံးထိခိုက်ဆုံးရှုံးမှု သတင်းတွေ ထွက်ပေါ်ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမယ့်လည်း ရေကြီးမှုတွေကြောင့် မြို့ရဲ့ ဧရိယာ အစိတ်အပိုင်းတစ်ချို့မှာ လည်ပတ်လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားပြီး ဒေသတစ်ချို့မှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဂျကာတာ ရဲ့ ရပ်ကွက်ပေါင်း အနည်းဆုံး ၈၁ ခုလောက် ရေလွှမ်းမိုးခံထားရပြီး လမ်းတွေ အများအပြားလည်း ပိတ်ထားရကြောင်း၊ ရထားပြေးဆွဲမှုတစ်ချို့လည်း ရပ်ဆိုင်းထားရကြောင်း သိရပါတယ်။

နောက်ထပ် မိုးကြီးမှုတွေ ဖြစ်ပေါ်လာနိုင်သေးတဲ့အတွက် ရေလွှမ်းမိုးမှုတွေ ဆက်ရှိနေနိုင်သေးတယ်ဆိုပြီး အင်ဒိုနီးရှား သဘာဝဘေး သက်သာလျော့ပါးရေး အေဂျင်စီက ထုတ်ပြန်ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly