ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့အတွက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ခြင်း၊ စားသုံးခြင်းကို တရုတ် ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့အတွက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ခြင်း၊ စားသုံးခြင်းကို တရုတ် ပိတ်ပင်

ဖေဖော်ဝါရီ ၂၅ ။              ။ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) တိုက်ဖျက်ရေး တစိတ်တဒေသအဖြစ် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ခြင်း နဲ့ စားသုံးခြင်းတို့ကို ပိတ်ပင်ကြောင်း တရုတ် အစိုးရက ထုတ်ပြန်ကြေညာ လိုက် ပါတယ်။

တရုတ်ရဲ့ တောရိုင်းတိရစ္ဆာန် ကုန်သွယ်ရောင်းဝယ်မှုနဲ့ စားသုံးမှု လုပ်ငန်းကတော့ တန်ဖိုးအားဖြင့် ယွမ်ငွေ ၅၂၀ ဘီလီယံ (ကန်ဒေါ်လာ ၇၄ ဘီလီယံ) မျှ ရှိတယ်လို့ ၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်ထဲမှာ ဖော် ပြထားပါတယ်။ ဒါ့အပြင် ယင်းလုပ်ငန်းထဲမှာ လူသန်းပေါင်းများစွာကိုလည်း အလုပ်အကိုင်တွေ ခန့်ထားပေးအပ်ထားတယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အဆိုပါ တောရိုင်းတိရစ္ဆာန် ရောင်းဝယ် စားသုံးမှု လုပ်ငန်းအပေါ် ပိတ်ပင်ချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ COVID-19 ကြောင့် တရုတ်မှာ သေဆုံးသူ ၂,၅၀၀ ကျော် ရှိနေပြီဖြစ်ကာ ယင်းဗိုင်းရပ်စ်က တရုတ်ပြင်ပ နိုင်ငံတွေအထိပါ ပျံ့နှံ့ထားခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ COVID-19 ဖြစ်ပွားမှုကတော့ စျေးတွေမှာ ရောင်းချတဲ့ ကိုရိုနာဗိုင်းရပ်စ်သယ်ဆောင်တဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ဆက်နွယ်ပတ်သက်နေတယ်လို့ သိရပါတယ်။

ဒီဗိုင်းရပ်စ်ဟာ စျေးတစ်ခုမှာ ရောင်းချတဲ့ တိရစ္ဆာန်ကနေ လူသားဆီ စတင်ကူးစက်ပြီး ယင်းနောက် သန္ဓေပြောင်းလဲကာ အခြားသူတွေကို ဆက်လက်ကူးစက်ခဲ့တယ်လို့ သုတေသီအများစုက ယုံကြည်နေကြပါတယ်။

ယခု အာဏာပိုင်တွေရဲ့ ဆုံံးဖြတ်ချက်နဲ့အတူ နိုင်ငံမှာ တောရိုင်းတိရစ္ဆာန် စားသုံးမှုကို ပိတ်ပင်သွားမှာဖြစ်ပြီး တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုတွေအပေါ် နှိပ်ကွပ်သွားမှာဖြစ်ကြောင်း၊ ဒါဟာ အများပြည်သူ ကျန်းမာရေးအတွက် အကာအကွယ်ပေးဖို့ လုပ်ရတာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

ယခု ပိတ်ပင်ချက်ကတော့ ချက်ချင်းပဲ အသက်ဝင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly