သမ္မတ ထရမ့် အိန္ဒိယသို့ ပထမဆုံး တရားဝင် ခရီးစဉ် ရောက်ရှိ

သမ္မတ ထရမ့် အိန္ဒိယသို့ ပထမဆုံး တရားဝင် ခရီးစဉ် ရောက်ရှိ

ဖေဖော်ဝါရီ ၂၄ ။                ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် တနင်္လာနေ့မှာ အမက်ဒါဘတ်မြို့က လေဆိပ်ဆီ သမ္မတကတော် မယ်လန်နီယာထရမ့်နဲ့အတူ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

AirForce One လေယာဉ်ပေါ်က ဆင်းလာကြတဲ့ သမ္မတ ထရမ့်နဲ့ သမ္မတကတော်တို့ကို အိန္ဒိယဝန်ကြီးချုပ်က ဆီးကြိုနှုတ်ဆက်ခဲ့ပါတယ်။

ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုသလို အိန္ဒိယယဉ်ကျေးမှု အတီးအကတွေနဲ့လည်း ကြိုဆိုကြပါတယ်။ သမ္မတ ထရမ့် ယာဉ်တန်း ထွက်ခွာလာချိန်မှာတော့ လမ်းတစ်လျှောက်မှာ အိန္ဒိယပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုကြတာကို မြင်တွေ့ရပါတယ်။

ခရီးစဉ်အတွင်းမှာ သမ္မတ ထရမ့် ဇနီးမောင်နှံဟာ တာ့ဂျ်မဟာကို သွားရောက်ဖို့ရှိပြီး ကမ္ဘာအကြီးဆုံး ခရစ်ကက်ကစားကွင်းမှာ ဝန်ကြီးချုပ်မိုဒီနဲ့အတူ လူထုစုရုံးပွဲကြီးကိုလည်း တက်ရောက်ဖြစ်ဖို့ ရှိပါတယ်။

သမ္မတ ထရမ့်ရဲ့ အခု နှစ်ရက်တာ အိန္ဒိယ ခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးမှာ သဘောထားကွဲလွဲမှုအချို့ ရှိနေပေမယ့် အခု သမ္မတရဲ့ တရားဝင်ခရီးစဉ်အတွင်းမှာ ပြေလည်မှု ရဖို့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။

ဒါပေမယ့် သမ္မတ ထရမ့်က ဝါရှင်တန်မှာ ရှိချိန်က “ကျွန်တော်တို့ အိန္ဒိယနဲ့ ကြီးမားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်သွားဖို့ရှိပါတယ်၊ ဒါပေမယ့် အဲဒါကို နောက်မှလုပ်မှာပါ၊ ရွေးကောက်ပွဲမတိုင်ခင် အပြီးသတ်နိုင်မလားဆိုတာတော့ မပြောနိုင်သေးပါဘူး” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထရမ့် သမ္မတတာဝန်ယူခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ၊  အမေရိကန်ရဲ့ Harley-Davidon  မော်တော်ဆိုင်ကယ်တွေကို အိန္ဒိယက သွင်းကုန်အခွန် အဆမတန်ချမှတ်ခဲ့ပြီး ပြန်လည်လျှော့ချပေးခဲ့ပေမယ့် ထရမ့်က မကျေနပ်နိုင်ဘဲ အကောက်ခွန်မဲ့ ရချင်ခဲ့တာဖြစ်ပါတယ်။

“အိန္ဒိယက အမေရိကန်ကို ကောင်းကောင်းမဆက်ဆံပေမယ့် ကျွန်တော်ကတော့ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီကို သဘောကျပါတယ်” လို့ ထရမ့်က ပြောထားခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly