မလေးရှား 1MDB အရှုပ်တော်ပုံကို ထိုင်းစစ်အစိုးရ ကူညီဖုံးဖိပေးခဲ့ဟု ထိုင်းအတိုက်အခံပါတီ စွပ်စွဲ

By CNA
23 February 2020
မလေးရှား 1MDB အရှုပ်တော်ပုံကို ထိုင်းစစ်အစိုးရ ကူညီဖုံးဖိပေးခဲ့ဟု ထိုင်းအတိုက်အခံပါတီ စွပ်စွဲ

ဖေဖော်ဝါရီ ၂၃။               .။ ဒေါ်လာဘီလီယံပေါင်းများစွာ ပါဝင်ပတ်သက်နေတဲ့ မလေးရှား 1MDB နိုင်ငံပိုင်ရန်ပုံငွေအရှုပ်တော်ပုံကိစ္စမှာ ထိုင်းစစ်အစိုးရဟောင်းဘက်က ကူညီ ဖုံးကွယ်ပေးမှုတွေ ရှိခဲ့ကြောင်း မကြာမီရက် ပိုင်းကမှ ဖျက်သိမ်းခံလိုက်ရတဲ့ ထိုင်းအတိုက်အခံပါတီက စွပ်စွဲလိုက်ပါတယ်။

ယင်းအတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်း ပြည်သူတွေအနေနဲ့ အမှန်တရားကို ရှာဖွေကြရမှာဖြစ်ကြောင်း အဆိုပါ ဖျက်သိမ်းခံပါတီက ဖေဖော်ဝါရီ ၂၃  ရက်မှာ တိုက်တွန်းသွားခဲ့ပါတယ်။

ထိုင်းအဓိက အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ ရှေ့သို့သာချီ ပါတီ (Future Forward party) ကတော့ ဘီလျံနာတည်ထောင်သူဆီကနေ ချေးငွေယူလို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က ဖျက်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။

ဒီ ဖျက်သိမ်းမှုနဲ့ပတ်သက်လို့ ဒီမိုကရေစီ လိုလားထောက်ခံသူတွေက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဒီလုပ်ရပ်ဟာ ဝန်ကြီးချုပ် ပရာယွတ် အစိုးရကို စိန်ခေါ်ယှဉ်ပြိုင်မယ့် အတိုက်အခံအင်အားစုကို အင်အားချည့်နဲ့သွားအောင် ရည်ရွယ်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

၂၀၁၅ ခုနှစ်က 1MDB ကိစ္စနဲ့ပတ်သက်လို့ ဖွင့်ထုတ်သူတစ်ဦးကို ဖမ်းဆီးဖို့ ထိုင်းစစ်အစိုးရဟောင်းနဲ့ အရင်မလေးရှား အစိုးရတို့ အတူ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း၊ ဒါ့အပြင် ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုချိုးဖောက်သူတွေကို ထိုင်းနိုင်ငံတွင်းမှာ ဝင်ရောက်သွားလာခွင့် ပြုပေးခဲ့ကြောင်း ထိုင်း Future Forward ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Pannika Wanich က ဖေဖော်ဝါရီ ၂၃ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။

“ စစ်အစိုးရဟာ နိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့အပေါ် နိုင်ငံတကာက အသိအမှတ်ပြုမှု ရဖို့ အထူးပဲ လိုလားခဲ့ပါတယ်၊ ပြီးတော့ မလေးရှားနဲ့ အကြား မကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်၊ ဒီလိုမျိုး အမိန့်တွေကို ပေးနိုင်တဲ့သူက တစ်ဦးတည်းသာ ရှိပါတယ်၊ သူကတော့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာပါပဲ” လို့ Pannika က ပြောသွားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Justo ကို ထိုင်းတို့ ဖမ်းဆီးပြီး နောက်ဆက်တွဲ ထုတ်ဖော်ဝန်ခံမှု ကိစ္စတွေမှာ မူမမှန်မှုတွေ ရှိခဲ့တယ်ဆိုပြီး Pannika က ကိုးကားပြောသွားပါတယ်။ Justo ကတော့ 1MDB ကိစ္စနဲ့ပတ်သက်လို့ ပထမဆုံး ဖွင့်ထုတ်သူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထိုင်းမှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။

ဒါ့အပြင် 1MDB ရန်ပုံငွေကနေ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခိုးယူမှု စွပ်စွဲချက်ဖြင့် မလေးရှားနဲ့ အမေရိကန်မှာ စွဲချက်တင်ခံထားရတဲ့ မလေးရှား ဘဏ္ဍာရေးမှူး Low Taek Jho ကိုလည်း ထိုင်းအစိုးရက အကာအကွယ်ပေးခဲ့ပြီး ၂၀၁၆ နဲ့ ၂၀၁၈ အကြား နိုင်ငံထဲ အနည်းဆုံး ငါးကြိမ် ဝင်ခွင့်ပြုခဲတယ်လို့ Pannika က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly