ရန်ကုန်လေဆိပ်မှာ ကျန်းမာရေးစစ်ဆေးမှုမခံယူဘဲ ရှောင်တိမ်းခဲ့သည့် ကိုရီးယားနိုင်ငံမှ ပြန်လာသူ မြန်မာလူငယ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယမရှိဟုဆို

ရန်ကုန်လေဆိပ်မှာ ကျန်းမာရေးစစ်ဆေးမှုမခံယူဘဲ ရှောင်တိမ်းခဲ့သည့် ကိုရီးယားနိုင်ငံမှ ပြန်လာသူ မြန်မာလူငယ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယမရှိဟုဆို
Photo - Pyi Thein Khine

ဖေဖေါ်ဝါရီ ၂၃ရက် ။                  ။ လေဆိပ်-ဆူးလေ YBS ကားပေါ်တွင် လိုက်ပါစီးနင်းလာသည့် ကိုရီးယားနိုင်ငံမှ ပြန်လာသူ မြန်မာတစ်ဦးကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင် စစ်ဆေးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်နှင့် မသက်ဆိုင်ကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဖေဖေါ်ဝါရီလ ၂၃ရက် နံနက်အစောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကိုရီးယားနိုင်ငံမှာ ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် မြန်မာတစ်ဦးအား လေဆိပ်-ဆူးလေ YBS ကားပေါ်တွင် ကျန်းမာရေးမကောင်းသည့် ပုံစံတွေ့ရှိသဖြင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ‘သံသယလူနာလည်း မဟုတ်ပါဘူး။ စောင့်ကြည့်လူနာလည်း မဟုတ်ပါဘူး။ ဒီလူနာက မြန်မာနိုင်ငံသားပါ။ ကိုရီးယားနိုင်ငံသားလည်း မဟုတ်ပါဘူး။ ဒီလူနာကိုဝေဘာဂီဆေးရုံကို ခေါ်ပြီးတော့ OPD ကြည့်တာတော့ ဟုတ်ပါတယ်။ ဒီရောဂါနဲ့ မသက်ဆိုင်ပါဘူး”ဟု ပြောသည်။

အဆိုပါလူငယ်သည် ဝေဘာဂီဆေးရုံတွင် အခြားရောဂါအတွက် ပြင်ပလူနာအဖြစ်သာ ဆေးကုသမှုခံယူခဲ့ကာ ၎င်း၏မိသားစုကို ပြန်လည်အပ်နှံလိုက်ကြောင်း သိရသည်။

ယနေ့ နံနက် ၆နာရီခွဲဝန်းကျင်တွင် ကိုရီယားမှ ပြန်လာသူ မြန်မာနိုင်ငံသားတစ်ဦးမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကျန်းမာရေးစစ်ဆေးချက်များကို အစစ်မခံဘဲ လေဆိပ်-ဆူးလေကားပေါ်တွင် တက်ရောက် ထိုင်နေသောကြောင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း OMINI FOCUS ယာဉ်လိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။

“သူကိုရော၊ ယာဉ်မောင်းကိုလည်း စစ်ဆေးတာတွေ လုပ်ပြီးပါပြီ။ ကိုရိုနာဗိုင်းရပ်သံသယဖြစ်ဖွယ် မရှိဘူးလို့ ပြောတယ်။ လေဆိပ်မှာလည်း စစ်တယ်။ ဝေဘာဂီဆေးရုံမှာလည်း စစ်တယ်။ ယာဉ်မောင်းကိုလည်း ရေတွေ ဘာတွေ ချိုးတယ်။ အဝတ်အစားတွေကိုလည်း မီးရှို့ဖျက်ဆီးတယ်။ ကားကိုလည်း ပိုးသတ်ဆေးတွေဖျန်းတယ်။ ယာဉ်မောင်းကိုလည်း နှစ်ရက်သုံးရက်လောက်တော့ စောင့်ကြည့်ဦးမယ်။ ကားကလည်း လောလောဆယ်တော့ မထွက်ဘဲ ထားဦးမယ်”ဟု ဦးထွန်းတောက်ဝင်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ဖေဖေါ်ဝါရီ ၂၁ ရက်က ည (၈:၀၀) နာရီမှ ဖေဖေါ်ဝါရီလ၂၃ရက်၊ ည (၈:၀၀) နာရီအချိန်အထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသသည့် လူနာသစ်မရှိကြောင်း ထုတ်ပြန်ထားသည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်က ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြားချက်အရ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော စောင့်ကြည့် လူနာ (၁) ဦး၏ဓာတ်ခွဲအဖြေမှာလည်းCoronavirus Disease 2019 (COVID-19) ရောဂါပိုးမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရသော်လည်း (၄၈) နာရီစောင့်ကြပ်ကြည့်ရှုရမည့် စောင့်ကြည့်လူနာ (၈) ဦးရှိပြီး စောင့်ကြည့်လူနာအားလုံး၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly