အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ

အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘာလိုလိုနဲ့ အအေးမိတုပ်ကွေး ရာသီကာလကိုတောင် ပြန်ရောက်လာတော့မယ်နော်။ ဒီလို နွေဦး၊ မိုးတွင်းကာလတွေဆိုတာ ကျား၊ မ အသက်အရွယ် မရွေး မကြာခဏဆိုသလို နှာစေးအအေးမိ ချောင်းဆိုးပြီး ဖျားနာ တတ်ကြ တဲ့ အချိန်ကာလတွေပေါ့။ အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေဟာ လေထုထဲမှာ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ရှိနေနိုင်ပြီး မွေးကင်းစကလေးမှ ဘိုးဘိုးဘွားဘွားအရွယ်ထိ ကူးစက်ခံရနိုင်တယ်နော်။ ဒီဆောင်းပါးမှာတော့ ကလေးအအေးမိတာနဲ့ လူကြီးအအေးမိတာ ဘာတွေကွာခြားသွားလဲ၊ ဘယ်လိုပိုပြီး ဂရုစိုက်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

၁။ ကလေးတွေက အဖျားတက်ဖို့ ပိုလွယ်တယ်။

အအေးမိတုပ်ကွေးရဲ့ အဓိကလက္ခဏာကတော့ ချောင်းဆိုးခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကို ကလေးပဲဖြစ်စေ၊ လူကြီးပဲ ဖြစ်စေ ခံစားရနိုင်ပေမယ့် ကလေးတွေကတော့ လူကြီးတွေထက် ကိုယ်ပူရှိန်တက်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ လူကြီးတွေမှာလည်း အဖျားတက်တာမျိုး ဖြစ်နိုင်ပေမယ့် ရှားပါးဖြစ်စဉ်လို့ ဆိုရမှာပါ။ များသောအားဖြင့် ကလေးတွေက အဖျားတက်ဖို့ ပိုလွယ်ပေမယ့် အရမ်းစိုးရိမ်ရလောက်တဲ့အထိ မပြင်းထန်ပါဘူး။ လူကြီးတွေကတော့ ကိုယ်ပူဖို့ အခွင့်အလမ်းနည်းပေမယ့် ဖြစ်လာတဲ့အခါ ပျောက်ဖို့ အချိန်ပိုကြာနိုင်ပါတယ်။

၂။ လူကြီးတွေက ဆေးအလွယ်တကူ သောက်ရုံနဲ့ ပျောက်တယ်။

အအေးမိဖျားနာတဲ့အခါ လူကြီးအနေနဲ့ ဆရာဝန်နဲ့ အထူးတလည်သွားပြစရာမလိုဘဲ ဆေးဆိုင်ကနေ အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး ဝယ်သောက်ရုံနဲ့ အဆင်ပြေပါတယ်။ ကလေးတွေအနေနဲ့တော့ တွေ့ရာဆေး လျှောက်တိုက်လို့ မဖြစ်ပါဘူး။ အထူးသဖြင့် အသက် ၆ နှစ်အောက် ကလေးတွေဆိုရင် ဒီလိုဆေးမျိုးကို လုံးဝတိုက်လို့ မရပါဘူး။ ဒါကြောင့် ကလေးတွေဖျားပြီဆိုရင် ကိုယ့်ဘာသာ အိမ်မှာဆေးတိုက်ပြီး ကြိတ်မှိတ်ကုသတာထက် ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

၃။ အအေးမိတုပ်ကွေးတွေဟာ ကလေးတွေအတွက် ပိုခံစားရခက်စေတယ်။

ဒါကတော့ ကိုယ်ခံအားနဲ့လည်း အများကြီးသက်ဆိုင်မှုရှိပါတယ်။ လူကြီးတွေဟာ ကလေးတွေထက်စာရင် ကိုယ်ခံအားလည်း ပိုကောင်းနေနိုင်သလို ငယ်စဉ်ကတည်းက အကြိမ်ပေါင်းများစွာ ဖျားနာခဲ့တာဖြစ်တဲ့အတွက် ဘယ်လောက်ပဲ အဖျားကြီးနေပါစေ စိတ်ရော ကိုယ်ရော ခံနိုင်ရည်ရှိတယ်လို့ ဆိုရမှာပါ။ ကလေးတွေမှာတော့ ကိုယ်ခံအားနည်းတာက တစ်ချက်၊ စိတ်နုနယ်သေးတဲ့အရွယ် ဖြစ်တာကြောင့် အားမရှိပျော့ခွေပြီး နုံးတာမျိုး၊ အစာစားချင်စိတ်မရှိတာကြောင့် အဖျားဝေဒနာက ပိုဆိုးသွားနိုင်ပါတယ်။

၄။ ကလေးတွေမှာ အအေးမိဖျားနာရာမှ ပြဿနာပိုကြီးသွားတာမျိုး ဖြစ်နိုင်တယ်။

လူကြီးတွေအနေနဲ့ကတော့ ကိုယ်ခံအားကောင်းပြီးသားလည်း ဖြစ်သလို အအေးမိတုပ်ကွေးနဲ့ပတ်သက်ပြီး ကိုယ်တိုင် အကြိမ်ပေါင်းကြုံတွေ့ခဲ့ရပြီးဖြစ်တဲ့အတွက် ဖျားရင် ဆေးသောက်မယ်၊ အိမ်မှာနားမယ်၊ အစာအာဟာရကို သေချာဂရုစိုက်ရင်ကို ဖြစ်ပါတယ်။ ကလေးတွေမှာ ကိုယ်ခံအားလည်း နည်းသလို ဘက်တီးရီးယားပိုးတစ်မျိုး ဝင်ပြီးသွားတဲ့အခါ ကိုယ်ခံအားကျသွားအောင် ပိုပြီးတိုက်ခိုက်နိုင်ပါတယ်။ ကလေးရဲ့ ကိုယ်ခံအားကျဆင်းလေ နောက်ထပ်ရောဂါပိုးမွှားအသစ်တွေ ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပါပဲ။ အထူးသဖြင့် မွေးကင်းစကလေးအရွယ်တွေမှာ ဖျားနာတယ်ဆိုရင် မိဘတွေအနေနဲ့ သေချာဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။
အအေးမိဖျားနာခြင်း ကင်းဝေးစေဖို့ ဘယ်လိုဂရုစိုက်ကြမလဲ။

ခုပြောပြပေးမယ့် နည်းလမ်းတွေက ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေအတွက်ဖြစ်စေ၊ မိဘတွေက သားသမီးတွေအတွက် ပြင်ဆင်ဂရုစိုက်ပေးတာဖြစ်စေ၊ နှစ်မျိုးလုံးအတွက် အဆင်ပြေစေနိုင်ပါတယ်။

  •  အစာအာဟာရကို ပြည့်ဝစုံလင်စွာ စားပေးပါ
  •  အိပ်ချိန်ကို မှန်အောင် အိပ်ပါ၊ တစ်နေ့ကို ညအိပ်ချိန် ၇နာရီမှ ၈နာရီ အနည်းဆုံးရှိဖို့လိုပါတယ်
  •  ဘာပဲကိုင်ပြီးပြီး လက်ကို အမြဲဆေးကြောပါ၊ လက်ဆေးဖို့ အဆင်မပြေရင် ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြုပေးပါ
  •  မသန့်ရှင်းတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်းပွတ်တာ၊ ပါးစပ်ထဲ ထည့်တာ၊ စားမယ့်အစားအစာ ကိုင်တာမျိုး လုံးဝမလုပ်ပါနဲ့
  •  ဗီတာမင် စီ အားဆေးကို တစ်နေ့တစ်လုံးစားပေးပါ၊ ဒါမှမဟုတ် အချဉ်ဓာတ်များပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများကျွေးပါ
  •  ရေများများသောက်ပေးပါ၊ တစ်နေ့ကို အနည်းဆုံး ရေ၃လီတာလောက် မဖြစ်မနေ သောက်ပေးဖို့ လိုပါတယ်
  •  လူထူထပ်တဲ့ နေရာသွားတော့မယ်ဆိုရင်၊ ကိုယ်က ချောင်းဆိုးနှာစေးနေတယ်ဆိုရင် နှာခေါင်းစည်း (Facial Mask) တပ်သွားပါ
  •  နေမကောင်းဖြစ်တဲ့သူကို ပြုစုပြီးတဲ့အခါ လက်ကို သန့်စင်အောင် ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပါ
  •  အအေးမိတုပ်ကွေးဖျားနာအတွက် ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် တစ်မိသားစုလုံး မပျက်မကွက် ထိုးပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly