ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုယ်ခန္ဓာတွင်း စတင်ဝင်ရောက်ခြင်းဖြစ်စဉ်

ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုယ်ခန္ဓာတွင်း စတင်ဝင်ရောက်ခြင်းဖြစ်စဉ်

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပြီးခဲ့တဲ့ ဇန်နဝါရီလ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာခဲ့တဲ့ ဝူဟန်ကိုရိုနာ အဆုတ်ရောင်ရောဂါဟာ ယခုဆိုရင် ကမ္ဘာလုံးကပ်ဆိုက် အရေးပေါ် အခြေအနေအဖြစ် ရောက်ရှိနေပါပြီ။ ကူးစက်ခံရသူပေါင်း ၇၅၀၀၀ နဲ့ အထက်၊ သေဆုံးသူပေါင်း ၂၀၀၀ နဲ့အထက်ထိ ရှိတဲ့အထိ ရောဂါပိုးဟာ ပြင်းထန်သလို ကူးစက်ခံရနှုန်းဟာလည်း ထိန်းလို့မရအောင် လျင်မြန်တယ်လို့ ဆိုထားပါတယ်။

အစပိုင်းမှာ လေမှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးအနွယ်ဝင် (Airborne Disease) အဖြစ်သာ သတ်မှတ်ထားပေမယ့် ယခုအခါမှာတော့ လူလူချင်း အသားချင်းထိတွေ့ရာမှလည်း ကူးစက်နိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသရန် ဖြေဆေးရှာတွေ့ဖို့ကိုလည်း တစ်ကမ္ဘာလုံးက ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေအားလုံး ဝိုင်းဝန်းကြိုးပမ်းလျက်ရှိနေပါတယ်။

ဒီဆောင်းပါးမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းမှာ ဘာတွေပြောင်းလဲထိခိုက်နေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အဓိက အဆုတ်ကို ဒုက္ခပေးတယ်။

အအေးမိတုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါတွေဖြစ်တဲ့ ဆားစ်ရောဂါ၊ မားစ်ရောဂါကဲ့သို့ အဆုတ်ရောင်ရောဂါအနွယ်ဝင်ဖြစ်တဲ့အတွက် အရင်ဆုံး ထိခိုက်စေတာက အဆုတ်ပါ။ အစပိုင်းမှာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်။ ဒီလက္ခဏာတွေကိုတော့ ကူးစက်ခံရပြီး ၂ရက်မှ ၁၄ရက်အတွင်း ပြသနိုင်ပါတယ်။

လက်ရှိအခြေအနေထိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အားလုံးရဲ့ ၈၁ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာသိပ်ပြီး မပြင်းထန်ပေမဲ့ ကျန်တဲ့ ၁၉ ရာခိုင်နှုန်းသော ကူးစက်ခံရသူတွေမှာ ရောဂါအခြေအနေ အလွန်ပြင်းထန်လျက်ရှိပြီး အသက်သေဆုံးနိုင်ခြေ မြင့်မားနိုင်ပါတယ်။

အဆုတ်က ထိခိုက်ပျက်စီးလာတဲ့အခါ အသက်ရှူခြင်းကို အဟန့်အတားဖြစ်စေတဲ့ ရောဂါလက္ခဏာတွေ၊ နမိုးနီးယားနဲ့ ဆင်တူလက္ခဏာတွေ၊ အဆုတ်ထဲမှာရှိတဲ့ သွေးကြောငယ်လေးတွေမှ အရည်များ စိမ့်ထွက်ခြင်း၊ သွေးတွင်း အောက်စီဂျင်သယ်ပို့နှုန်း ကျဆင်းသွားခြင်း၊ အသက်ရှူမရခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ထပ် ဘာတွေကို ဒုက္ခပေးနိုင်လဲ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေမှာ အဆုတ်သာမက တခြားကိုယ်တွင်းအင်္ဂါတွေမှာပါ ထိခိုက်လာတဲ့ လက္ခဏာတွေကို တွေ့ရှိရပါတယ်။ အကြောင်းအရင်းအတိအကျကိုတော့ သေချာအဖြေရှာနိုင်သေးခြင်း မရှိသေးပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သို့မဟုတ် ကိုယ်ခံအားကျဆင်းမှုကြောင့် နောက်ထပ်ဝင်လာတဲ့ ရောဂါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့ အခြေအနေအရ ဆားစ်ရောဂါနဲ့ မားစ်ရောဂါမှာ ဖြစ်ခဲ့တုန်းက အခြေအနေနဲ့ ပုံစံချင်းတော်တော်ဆင်တူတဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်တဲ့ လက္ခဏာများကို တွေ့ရတယ်လို့ ဆိုထားကြပါတယ်။

• အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ကူးစက်ခံရတာမှန်ပေမယ့် ကိုယ်ခန္ဓာထဲသို့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီးတာနဲ့ အစာအိမ်၊ အူလမ်းကြောင်းအထိပါ ပြန့်သွားခြင်း

• နှလုံးနဲ့ ဆက်စပ်သွေးကြောများအထိ ပျံ့နှံ့သွားပြီး နှလုံးခုန်နှုန်းမမှန်ခြင်း၊ သွေးလည်ပတ်စီးဆင်းနှုန်း နှေးသွားခြင်း၊ သွေးတွင်း အောက်စီဂျင်ပို့ဆောင်မှု နှေးသွားခြင်းကြောင့် သွေးပေါင်ကျလာခြင်း

• အသည်းနဲ့ ကျောက်ကပ်ပျက်စီးခြင်း၊ အထဲမှာရှိတဲ့ ဆဲလ်တွေ ရောင်ရမ်းပြီး လိုတာထက် ပိုများတဲ့ အင်ဇိုင်းပမာဏတွေကို ထုတ်လွှတ်ပေးလိုက်ခြင်း၊ ပျက်စီးသွားတဲ့ ကျောက်ကပ်တစ်ခြမ်းအတွက် ခွဲစိတ်ဖယ်ရှားဖို့၊ ကျောက်ကပ်အစားထိုး ခွဲစိတ်မှုပြုလုပ်ရခြင်း

• ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ အပြင်းအထန် အလုပ်လုပ်ရတဲ့အတွက် ကိုယ်ခံအားကျဆင်းသွားခြင်း၊ နောက်ဆက်တွဲအနေနဲ့ ရောဂါတွေ တစ်ခုပြီးတစ်ခု ဝင်လာခြင်း၊ ကိုယ်ခံအားစနစ်က ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အားပြတ်သွားခြင်းတွေကို တွေ့ရပါတယ်။

ခုပြောသွားခဲ့တဲ့ ရောဂါလက္ခဏာများဟာ ဆားစ်ရောဂါ၊ မားစ်ရောဂါနဲ့ ဝူဟန်ကိုရိုနာရောဂါပိုး ကူးစက်ခံရသူတွေမှာ တွေ့နေရတဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီလိုပြင်းထန်တဲ့ နောက်ဆက်တွဲအခြေအနေထိ ဆိုးရွားသွားနိုင်လားဆိုတာကို စမ်းသပ်လေ့လာနေဆဲပါပဲ။

ဘယ်လိုရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ မပေါ့ဆဘဲ အပြင်ထွက်တော့မယ်ဆိုရင် နှာခေါင်းစည်းတွေကို စနစ်တကျတပ်ဆင်သွားဖို့၊ လက်အမြဲဆေးဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ တစ်ခုခု ဖျားနာတာ၊ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသစစ်ဆေးဖို့ ထပ်မံတိုက်တွန်းပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly