တောင်ဆူဒန်မှာ ပြိုင်ဘက်နိုင်ငံရေးခေါင်းဆောင် ၂ ဦး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်း

တောင်ဆူဒန်မှာ ပြိုင်ဘက်နိုင်ငံရေးခေါင်းဆောင် ၂ ဦး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်း
Photo  - AFP

ဖေဖော်ဝါရီ ၂၃ ။                 ။ တောင်ဆူဒန်နိုင်ငံမှာ ပြိုင်ဘက် နိုင်ငံရေးခေါင်းဆောင် နှစ်ဦးအကြား ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်က ဖွဲ့စည်းထူထောင်လိုက်ကြောင်း သိရပါတယ်။

ဒီ အစိုးရသစ်မှာတော့ လက်ရှိ တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာ ကီရာက သမ္မတအဖြစ် ဆက်ရှိနေပြီး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ရိခ် မာချာကိုတော့ ဒုသမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒီအတွက်ကြောင့် အဓိက ပြိုင်ဘက်နှစ်ဦးအကြား အတူတကွ ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။

ခုလိုမျိုး တောင်ဆူဒန် သူပုန်ခေါင်းဆောင်ဟောင်း ရိခ် မာချာ ဒုသမ္မတအဖြစ် ကျမ်းကျိန်လိုက်ခြင်းကတော့ ခြောက်နှစ်ကြာ ပြည်တွင်းစစ်တစ်ခုအတွက် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးလိုက်သလို ဖြစ်ပါတယ်။

နိုင်ငံမှာ လူပေါင်း လေးသိန်းလောက် သေဆုံးစေခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့ ပြည်တွင်း ပဋိပက္ခတွေကို ခုလို ညွန့်ပေါင်းအစိုးရတစ်ရပ် ထူထောင်လိုက်ခြင်းနဲ့အတူ ချုပ်ငြိမ်းသွားစေမယ်လို့ မျှော်လင့်ရပါတယ်။

ဖြစ်ပြီးသမျှတွေအတွက် သူ့ကို ခွင့်လွှတ်ပေးဖို့ သမ္မတ ကီရာက မာချာကို တောင်းဆိုသွားခဲ့သလို တောင်ဆူဒန်ပြည်သူအားလုံးအနေနဲ့လည်း တစ်ဦးနဲ့ တစ်ဦးအကြား ခွင့်လွှတ်ကြဖို့ကိုလည်း ပန်ကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly