ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း

ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း

 ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အိမ်မှာ ဘေဘီလေး က စာရွက်အလွတ်မြင်တိုင်း ခဲတံကိုင်ပြီး ပန်းချီဆွဲတယ်။ ရောင်စုံခဲတံကိုင်ပြီး အရောင်ခြယ်တဲ့အခါတိုင်း အရေးကြီးတဲ့ စာရွက်မဟုတ်ဘူးဆိုရင် မဆွဲနဲ့လေလို့ ဟန့်တားဆူပူတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ ပန်းချီဆွဲတာက ဘေဘီလေး တိုင်းကို ပေးလုပ်သင့်တဲ့ လုပ်ဆောင်မှုလေးတစ်ခုဖြစ်တာကြောင့်ပါ။
ပန်းချီဆွဲတာက ဘေဘီလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်လား………..

ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ဟုတ်ပါတယ်၊လို့ပဲပြောရမှာပါ။ အကြောင်းကတော့ ဘေဘီလေး အနေနဲ့ ပန်းချီဆွဲတာကြောင့်

ခံစားချက်ကို ပွင့်လင်းစွာဖော်ထုတ်တတ်စေတယ်

ဘေဘီလေး ကို ပွင့်ပွင့်လင်းလင်းပြောတတ်သူတစ်ယောက်အဖြစ် အရွယ်ရောက်လာစေချင်တယ်ဆိုရင်တော့ ပန်းချီပေးဆွဲပါ။ ပန်းချီဆွဲတာက ဆက်ဆံရေးကောင်းမွန်စေဖို့ အထောက်အကူပြုပေးနိုင်သလို စိတ်ခံစားချက်တွေကို လွတ်လပ်စွာဖော်ပြတတ်စေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ခံစားချက်ကို ပွင့်လင်းမြင်သာစွာ ဖော်ပြတတ်မှုက ဘေဘီလေးကို သိမြင်မှုစွမ်းရည်ကောင်းမွန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးက တစ်နှစ်ကျော်လောက်ရောက်လာပြီဆိုရင် ဖယောင်းရောင်စုံခဲတံနဲ့ ပုံဆွဲစာအုပ်လေး ထားပေးပါ။ သူစိတ်ကြိုက်ပုံတွေကို စိတ်တိုင်းကျ ရေးဆွဲခွင့်ပေးလိုက်ပါ။
ကလေးရဲ့ လှုပ်ရှားမှုစွမ်းရည်ကို ကောင်းစေနိုင်တယ်

ကလေးကို ပုံးဆွဲစေတာက သူတို့ရဲ့ လက်ချောင်းလေးတွေကို သန်မာစေပြီး လှုပ်ရှားမှု စွမ်းရည်ကို ကောင်းမွန်စေဖို့အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ငယ်စဉ်အရွယ်မှာ ဘေဘီလေးတစ်ယောက်အနေနဲ့ လက်ချောင်းကြွက်သားလေးတွေ အကောင်းဆုံးဖွံ့ဖြိုးဖို့ကလည်း လိုအပ်ချက်တစ်ခုပါ။ ဒါကြောင့် စိတ်ကူးဉာဏ်တွေကိုရင့်သန်စေပြီး လက်ချောင်းကြွက်သားလေးတွေ သန်မာစေဖို့ဆိုရင် ပန်းချီဆွဲတာကို အားပေးပါ။ လွယ်ကူတဲ့ ရေးဆွဲမှုတွေကနေ ဖြည်းဖြည်းချင်း စတင်ပေးပါ။

အမြင်အာရုံဆန်းစစ်နိုင်စွမ်း တိုးစေတယ်

ဘေဘီလေးတွေကို ပန်းချီဆွဲခွင့်ပေးလိုက်တာက အကွာအဝေး၊ အရွယ်အစား၊ ပုံသဏ္ဍာန်ကွာခြားမှုတွေကို အမြင်အာရုံနဲပ အကောင်းဆုံး ဆန်းစစ်နိုင်စေဖို့ အားပေးရာရောက်ပါတယ်။ ဘယ်အရာကကြီးတယ်၊ ဘယ်အရာက သေးတယ်။ ဘယ်အရာက နီးတယ်၊ ဘယ်အရာက ဝေးတယ်။ ဘယ်အရာက ကြမ်းတမ်းတယ်၊ ဘယ်အရာက ချောမွေ့တယ်ဆိုတာကစလို့ မျက်လုံးအမြင်နဲ့ တွေ့မြင်တဲ့ အရာတွေကို အကောင်းဆုံး ဆန်းစစ်အကဲဖြတ်နိုင်မှာပါ။

အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေတယ်

ပန်းချီဆွဲနေတဲ့အခါ ဘေဘီလေးတော်တော်များများက ဆွဲနေတဲ့ ရုပ်ပုံမှာပဲ အာရုံစိုက်ထားကြတာများပါတယ်။ အသေးစိတ်ကိုကအစ ဂရုတစိုက်လုပ်ဆောင်ရင်း အာရုံအပြည့်အဝစိုက်တတ်တာက ငယ်စဉ်ကနေ ကြီးတဲ့အထိအကျင့်ပါသွားပြီး အာရုံစူးစိုက်နိုင်စွမ်းကောင်းသူလေးအဖြစ် ကြီးပြင်းလာမှာပါ။

မျက်လုံးနဲ့ လက်ရဲ့ လှုပ်ရှားမှု ဟန်ချက်ညီနိုင်စွမ်းတိုးလာစေတယ်

ပန်းချီဆွဲတာက လက်ကြွက်သားလေးတွေကို သန်မာစေနိုင်သလို မျက်လုံးနဲ့လက်ရဲ့လှုပ်ရှားမှုကို ဟန်ချက်ညီစေနိုင်ပါတယ်။ ဒါကလည်း ကလေးတစ်ယောက် အကောင်းဆုံး အကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ခုပါ။

ယုံကြည်မှု တိုးစေနိုင်တယ်

ဘေဘီလေးက ပန်းချီဆွဲပြီး မိဘတွေကိုပြတဲ့အခါမှာ ချီးကျူးပေးဖို့ မမေ့ပါနဲ့။ ပန်းချီဆွဲတာက ကလေးရဲ့ စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်သလို အတွေးအမြင်သစ်တွေ၊ အတွေ့အကြုံသစ်တွေကို ရရှိစေနိုင်ပြီး သူကိုယ့်သူလည်း ယုံကြည်မှုတိုးလာစေမှာပါ။ ယုံကြည်မှုပြည့်ဝတာကလည်း ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ပြဿနာဖြေရှင်းနိုင်စွမ်း တိုးစေနိုင်တယ်

ပန်းချီဆွဲတာက ကလေးကို ဆုံးဖြတ်ချက်တွေအမျိုးမျိုးချရတဲ့ အတွေ့အကြုံကိုရစေနိုင်ပါတယ်။ ဘယ်အရောင်ခြယ်ရင်ကောင်းမလဲ။ ဘယ်လိုလေးဆွဲလိုက်ရင်ကောင်းမလဲ စတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှုက အသေးအမွှားလေးတွေဆိုပေမယ့် ဒီဆုံးဖြတ်ချက်တွေကို ချမှတ်မှုက ဘေဘီလေးကို ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းကောင်းလာစေဖို့ အားပေးနိုင်မှာပါ။ မတူတဲ့အခြေအနေတွေကို အကောင်းဆုံးဖြစ်လာစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်မှုက ဘေဘီလေးကို အရွယ် ရောက်လာတဲ့အခါ ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းသူအဖြစ် ကြီးပြင်းလာစေမှာပါ။

ဒီလောက်တောင် ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေနိုင်မှတော့ ပန်းချီပေးဆွဲသင့်တယ်လို့ မထင်မိဘူးလား……….. မေမေဖေဖေတို့ရေ

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly