ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဝင်ငွေ အမေရိကန် ဒေါ်လာ ၂၀၉ သန်း လျော့နည်းလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဝင်ငွေ အမေရိကန် ဒေါ်လာ ၂၀၉ သန်း လျော့နည်းလာ
ဓာတ်ပုံ - မေရည်ငြိမ်းချမ်း

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂။        ။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(Covid19)ကြောင့် မြန်မာနယ်စပ် ကုန်သွယ် ရေး ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၉ သန်း လျော့နည်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှာ ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၁)နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲမှာ ၎င်းက အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

တရုတ် နှစ်သစ်ကူးကာလ ဇန်နဝါရီလ ၂၃ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အထိ ယခင်နှစ်သစ်ကူး ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၂၀၉ သန်း လျော့နည်းလာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

 “တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူး ပိတ်ရက်တွေနဲ့ဆက်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ် ကုန်သွယ်ရေး ထိခိုက် နစ်နာခဲ့ရပါတယ်။ နှစ်သစ်ကူး ပိတ်ရက်ဖြစ်တဲ့ ဇန်နဝါရီလ ၂၃ ရက်ကနေ ဖေဖော် ဝါရီ ၁၈ ရက် အထိ ယခင်နှစ် ကာလတိုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ  ပို့ကုန် အမေရိကန် ဒေါ်လာ ၁၅၂ သန်းနဲ့ သွင်းကုန် အမေရိကန် ဒေါ်လာ ၅၇ သန်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၀၉ သန်း လျော့နည်း ခဲ့တာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်သို့ တင်ပို့သည့် ပုပ်သိုးလွယ်သော ဖရဲ၊ သခွား စသည့် သစ်သီး တင်ပို့မှုများ၊ ရေထွက် ပို့ကုန်တင်သွင်းမှုများ ထိခိုက်လာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

အရေးပေါ် ဖြေရှင်းမှု အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုပ်ငန်း ရှင်များ ပူးပေါင်း၍ ရန်ကုန်ဈေးကွက်အတွင်းမှာ နေရာပေး၍ တင်ပို့ရောင်းချမှုများ လုပ်ကာ ပြည်တွင်း စားသုံးမှု ပိုများလာ စေရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

အလားတူ အထည်ချုပ် လုပ်ငန်းများ ထိခိုက်ပြီး လုပ်သားများ အလုပ်အကိုင် ကြပ်တည်းမှုများ ဖြစ်ပေါ်လာကာ တရုတ်မှ လုပ်သား ပြန်လည်ပို့ခြင်းများ ပြုလုပ်ခဲ့လာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

တခြားသော သတင်းအချက်အလက်များအရ တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အလုပ်သမား များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် တရုတ်နိုင်ငံတွင် ရှိသော ကောင်စစ်ဝန်ရုံးများ ကို အကူအညီ တောင်း၍ ပြန်လာသူများ ရှိနေကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က“ဒီဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာမှုက လုပ်ငန်းရှင်တွေဘက်က ဝင်ငွေ ထိခိုက် နစ်နာသလို နိုင်ငံတော်ဘက်ကလည်း အခွန် အကောက်တွေ လျော့နည်းခဲ့ပါတယ်” ဟု ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ တစ်နှစ်တာ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၄.၅၃၅ ဘီလျှံ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၂.၁၄ ဘီလျှံ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၀၅၃ ဘီလျှံ ပိုမို တိုးတက်လာ သော်လည်း တရုတ်နှစ်သစ်ကူး ကာလ နယ်စပ် ကုန်သွယ်ရေးကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၉ သန်း လျော့နည်းလာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly