ကိုရိုနာတပ်လှန့်သံကြား ဆော်ဒီ၌ ဂျီ ၂၀ ဘဏ္ဍာရေးဝန်ကြီးများ ထိပ်သီးစည်းဝေး

ကိုရိုနာတပ်လှန့်သံကြား ဆော်ဒီ၌ ဂျီ ၂၀ ဘဏ္ဍာရေးဝန်ကြီးများ ထိပ်သီးစည်းဝေး

ဖေဖော်ဝါရီ ၂၂။           ။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဘေးအန္တရာယ်တွေအရေး နှစ်ရက်တာ စည်းဝေးဆွေးနွေးဖို့ ဆော်ဒီအာရေဗျနိုင်ငံမှာ ဂျီ ၂၀ အဖွဲ့ဝင်နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေဟာ စနေနေ့မှာ ထိပ်သီးစည်းဝေးကြပါတယ်။

ကိုရိုနာဖြစ်ပွားမှုကနေ ကမ္ဘာ့စီးပွားရေးကို ကာကွယ်ရေးအပြင် ကမ္ဘာ့ထိပ်တန်း စီးပွားရေးနိုင်ငံ ၂၀ က ဘဏ္ဍာရေးအကြီးအကဲတွေအနေနဲ့ ဒီဂျစ်တယ်ခေတ်မှာ မျှတတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာအခွန်စနစ် ဖော်ဆောင်နိုင်ရေး နည်းလမ်းတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။

“ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေဟာ ကမ္ဘာ့စီးပွားရေးအခြေအနေ၊ စီးပွားရေး ကျဆင်းမှု ဘေးအန္တရာယ်တွေကနေ ကာကွယ်နိုင်ရေးနဲ့ ဖွံ့ဖြိုးရေးကို အထောက်အကူပြုမယ့် မူဝါဒတွေ အရေးကို ဆွေးနွေးသွားဖို့ ရှိပါတယ်။”လို့ အခု ဂျီ ၂၀ အစည်းအဝေးကို ကြီးမှုးကျင်းပသူတွေက ထုတ်ပြန်ပါတယ်။

“ဒါအပြင် အားလုံးအတွက် ၂၁ ရာစု အခွင့်အလမ်းများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆော်ဒီရဲ့ ဂျီ ၂၀ ဥက္ကဌသက်တမ်းနဲ့ ပတ်သက်ပြီး ဦးစားပေးသတ်မှတ်ချက်တွေကိုလည်း ဆွေးနွေးကြပါမယ်။ ပြီးတော့ စီးပွားရေးဒီဂျစ်တယ် စနစ်ပြောင်းလဲမှုကနေ မြင့်တက်လာတဲ့ အခွန်ဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။”လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဂျီ ၂၀ ဥက္ကဋ္ဌရာထူးကို တာဝန်ယူရတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဆော်ဒီအာရေဗျမှာ ကျင်းပတဲ့ အခု ထိပ်သီးအစည်းအဝေးကို ဆော်ဒီ ဘဏ္ဍာရေးဝန်ကြီး မိုဟာမတ်အယ်ဂျာဒန်းနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ အာမတ်အယ်ခိုလီဖေးတို့က သဘာပတိမူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly