မြောက်ကိုရီးယားက ကြံုတောင့်ကြံုခဲ နိုင်ငံရေးစုဝေးပွဲကြီး ကျင်းပမည်ဟု ကြေညာ

မြောက်ကိုရီးယားက ကြံုတောင့်ကြံုခဲ နိုင်ငံရေးစုဝေးပွဲကြီး ကျင်းပမည်ဟု ကြေညာ

ဆိုးလ်၊ အောက်တိုဘာ-၃၀ ။                 ။ လာမည့်နှစ်တွင် ကြုံတောင့်ကြုံခဲ အခမ်းအနားကြီး ကျင်းပရန် စီစဉ်နေကြောင်း မြောက်ကိုရီးယားက   ကြေညာခဲ့သည်။ သတ္တမအကြိမ်မြောက် ကွန်မြူနစ်ပါတီကွန်ဂရက်ကို ညီလာခံသဘင် ဆင်ယင်ကျင်းပတော့မည် ဖြစ်သည်။

ကိုရီးယားအလုပ်သမားပါတီမှာ လက်ရှိခေါင်းဆောင်၏ဖခင် ကင်အီဆွန်းက အာဏာရယူလိမ့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည့် ၁၉၈၀ ညီလာခံနောက်ပိုင်းတွင် တစ်ကြိမ်မျှ ကျင်းပခဲ့ခြင်းမရှိပေ။  

နောက်တစ်ကြိမ် ကွန်ဂရက်ကို မေလတွင် ကျင်းပလိမ့်မည်ဟု မြောက်ကိုရီးယား၏ နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က အောက်တိုဘာလ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်။

ကင်ဂျုံအွန်ကြီးမှူးသည့် ပေါ်လစ်ဗျူရိုက ဘာ့ကြောင့် ကွန်ဂရက်ခေါ်ယူရသနည်းဟူသည့် ခန့်မှန်းပြောဆိုမှုများလည်း သို့လောသို့လော  ထွက်ပေါ်လာနေခဲ့သည်။ ယခင်အကြိမ်ကလည်း ယခုကဲ့သို့ ခန့်မှန်းချက်များထွက်ပေါ်လာခဲ့သော်လည်း ကင်ဂျုံအွန်၏ ဖခင်က အာဏာရယူလိုက်သည့်အခါတွင် ငြိမ်သက်သွားခဲ့သည်။

ပါတီနှင့် ဖွံ့ဖြိုးဆဲတော်လှန်ရေး၏ လိုအပ်ချက်ကို ထင်ဟပ်ရန်မှာ ကွန်ဂရက်ခေါ်ယူရခြင်း၏ တရားဝင်အကြောင်းပြချက်ဖြစ်သည်ဟု KCNA သတင်းတွင် ဖော်ပြထားသည်။

ကွန်ဂရက်၏ ရည်ရွယ်ချက်မှာ ကင်မှာ အာဏာခိုင်မြဲနေသည်ဟူသော အမြင်ကို ခိုင်မာစေရန်ဖြစ်သည်ဟု တောင်ကိုရီးယားတက္ကသိုလ်မှ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ ယန်မူးဂျင်းက ပြောကြားခဲ့သည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှု (သို့မဟုတ်) သံတမန်ဆက်ဆံရေး အခင်းအကျင်းသစ်ကို ကင်က ကြေညာဖွယ်ရှိသည်ဟု ခန့်မှန်းမှုများ ရှိသကဲ့သို့ စစ်တပ်မှ ပါတီသို့ အာဏာပြောင်းရွေ့မှုကို ထင်ဟပ်နိုင်သည်ဟုလည်း ပြောဆိုနေကြသည်။

‘ကင်ဂျုံအီး အာဏာရှိစဉ်တုန်းက အမျိုးသား ကာကွယ်ရေးကော်မရှင်ဟု နိုင်ငံရေးရာတွေမှာ အဓိကအခန်းက ပါဝင်ခဲ့တယ်။ သတ္တမအကြိမ်မြောက်ကွန်ဂရက်ဟာ အလုပ်သမားပါတီရဲ့ အခန်းကဏ္ဍကို ပုံမှန်ဖြစ်စေတဲ့ သင်္ကေတတစ်ခု ဖြစ်နိုင်တယ်။

အဓိကစောင့်ကြည့်ရမှာက ကင်ဂျုံအွန်က အမျိုးသားကာကွယ်ရေးကော်မရှင်ရဲ့ စနစ်ပုံစံကို ဆက်ပြီးထိန်းသိမ်းထားမှာလား၊ ဒါမှမဟုတ်ရင် ဒီအလုပ်တာဝန်ကို ပါတီဆီ ပြန်လွှဲပေးမှာလားဆိုတာပါပဲ’’ဟု ယန်က ပြောကြားခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly