ဗစ်တိုးရီးယား အမှုအတွက် တာဝန်မကျေသူများကို အရေးယူရန် သမ္မတ ညွှန်ကြား

ဗစ်တိုးရီးယား အမှုအတွက် တာဝန်မကျေသူများကို အရေးယူရန် သမ္မတ ညွှန်ကြား

နေပြည်တော် ၊ ဖေဖေါ်ဝါရီ ၂၁ ။                 ။ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ မဆောင်ရွက် နိုင်သော၊ တာဝန် ကျေပွန်စွာ မဆောင်ရွက်နိုင်သော လစ်ဟာမှုများ ဖြစ်ပေါ် ခဲ့ သော ဥပဒေပြဌာန်းမှုများနှင့် ညီညွတ်မှု မရှိသော တာဝန်ရှိသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ထုတ်ဖော် ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၂၂ ရက်က ဗစ်တိုးရီးယား ဖခင်ဖြစ်သူက သမ္မတထံသို့ လိပ်မူ၍ ကူညီ ဆောင်ရွက်ပေးရန် တင်ပြလာမှု အပေါ် နိုင်ငံတော်သမ္မတက အမှုမှန် ပေါ်ပေါက်ရန်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရန်၊ ဥပဒေနှင့်အညီ ဖြစ်ရန် ၊ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများကို ပကတိတွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည်တင်ပြရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး တာဝန်ရှိသူများကို တွေ့ဆုံပြီး ညွှန်ကြားချက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးသည် သမ္မတထံသို့ ပြန်လည် တင်ပြခဲ့ကြရာ တင်ပြချက်များကို ကြည့်ရှုပြီး အရေးယူ ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၂၀ ရက်က သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။

“ဒီ တင်ပြချက်တွေကို စုစည်းပြီးတော့ သမ္မတကြီးက လမ်းညွှန်မှု ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တင်ပြချက်နှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့် အညီ မဆောင်ရွက်နိုင်သော ၊ တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်နိုင်သော၊ လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော၊ ဥပဒေ ပြဌာန်းချက်များနှင့် ညီညွတ်မှု မရှိသော တာဝန်ရှိသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် ဆိုပြီး ညွှန်ကြားထားပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

နေပြည်တော် Winsdom Hilll မူကြိုကျောင်းမှ မူကြိုကလေးငယ် ဗစ်တိုးရီးယားသည် ၂၀၁၉ ခုနှစ် မေလ အတွင်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရမှုအတွက် သံသယတရားခံ အဖြစ် ယာဉ်မောင်း ကိုအောင်ကြီးကို ရဲတပ်ဖွဲ့က တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၈ ရက်တွင် ကိုအောင်ကြီး အနေဖြင့် အမှုအား ကျူးလွန်နိုင်ခြင်း မရှိကြောင်း သုံးသပ်ကာ ဒက္ခိဏခရိုင် တရားရုံး တရားသူကြီးက တရားရှင် လွတ်ပေးခဲ့သည့်အမှု ဖြစ်သည်။

အဆိုပါ အမှုအတွက် ဒက္ခိဏခရိုင် ဥပဒေရုံးနှင့် အမှတ်(၁) မှုခင်း တပ်ဖွဲ့ရုံး တို့က တိုင်းဥပဒေချုပ်ရုံးသို့ ပြင်ဆင်ချက် တင်သွင်းခဲ့ရာ တရားရုံးဆုံးဖြတ်ချက်သည် သင့်လျော်သည်ဟုဆိုကာ တိုင်းဥပဒေချုပ် ရုံးမှ ပယ်ချထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly