အဲဘတ်စ်ထံမှ တရုတ်က လေယာဉ်အစီး ၁၃၀ ၀ယ်ယူမည်

အဲဘတ်စ်ထံမှ တရုတ်က လေယာဉ်အစီး ၁၃၀ ၀ယ်ယူမည်

ပေကျင်း၊ အောက်တိုဘာ၃၀ ။                 ။ ကမ္ဘာ့လေယာဉ် အများဆုံးဝယ်ယူသူ ဖြစ်လာရန် စီစဉ်ထားသော တရုတ်က ဒေါ်လာ ၁၇ ဘီလျံတန်ဘိုးရှိ သဘောတူညီချက်တစ်ခုတွင် အဲဘတ်စ်ထံမှ လေယာဉ်အစီး ၁၃၀ ဝယ်ယူရန် သဘောတူညီလိုက်သည်။

ယင်းသို့သဘောတူညီချက်သစ်တစ်ခုက လျင်မြန်စွာ ကြီးထွားလာသော တရုတ်ဈေးကွက်ရှယ်ယာတစ်ခုကို ပိုင်ဆိုင်ရန် ဘိုအင်းကုမ္ပဏီနှင့် ယှဉ်ပြိုင်နေရသော အဲဘတ်စ်အတွက် တိုးတက်မှု တစ်ခုဖြစ်သည်။ တရုတ်သည် လာမည့် ဆယ်စုနှစ်များတွင် ကမ္ဘာ့အကြီးဆုံးလေကြောင်းခရီးသွားလုပ်ငန်းကို ပိုင်ဆိုင်လာဖွယ်ရှိသည်။

သဘောတူညီချက်ကို တရုတ်ဝန်ကြီးချုပ်လီခယ်ချန်းနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့ တွေ့ဆုံဆွေးနွေးနေစဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ဘလွန်းဘာ့ဂ်က အစီရင်ခံခဲ့သည်။

သဘောတူညီချက်အရ ထိုင်ခုံကြားလျှောက်လမ်းနှစ်ခုပါ အဲဘတ်စ်လေယာဉ်အစီး ၃၀နှင့် လျှောက်လမ်းတစ်ခုပါအဲဘတ်စ်လေယာဉ်အစီး ၁၀၀ကို တရုတ်သို့ရောင်းချပေးရမည်ဖြစ်သည်။

တရုတ်သည် ဇွန်လကလည်း လျှောက်လမ်းနှစ်ခုပါလေယာဉ် ၄၅ စီးကို မှာယူထားပြီးဖြစ်သည်။ ဘိုအင်းကလည်း စက်တင်ဘာလက ရရှိခဲ့သော တရုတ်နှင့် သဘောတူညီချက်အရ လေယာဉ်အစီး ၃၀၀ကို ပေးပို့တော့မည်ဖြစ်သည်။

ဘိုးအင်း၏ပြောကြားချက်အရ တရုတ်သည် လာမည့် နှစ် ၂၀ အတွင်း လေယာဉ်သစ် ၆,၃၃၀ လိုအပ်မည်ဖြစ်သည်။ ၂၀၃၄ခုနှစ်တွင် တရုတ်သည် ကမ္ဘာ့အကြီးဆုံး လေကြောင်းခရီးသွား   ဈေးကွက်ကြီးဖြစ်လာမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly