ဒါရိုက်တာမင်းထင်ကိုကိုကြီး ၁၀လနှင့်၁၀ရက် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာပြီ

By မေရည်ငြိမ်းချမ်း
21 February 2020
ဒါရိုက်တာမင်းထင်ကိုကိုကြီး ၁၀လနှင့်၁၀ရက် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာပြီ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဖေဖော်ဝါရီ ၂၁ ။                ။ ဒါရိုက်တာမင်းထင်ကိုကိုကြီး လွတ်ရက်စေ့သဖြင့် ယနေ့မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာကြောင်း မင်းထင်ကိုကိုကြီး၏ တူဖြစ်သူ ကိုကျော်ဆက် နိုင် က ပြောသည်။

“ဒီနေ့ မနက်လွတ်လာပါပြီ။ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ နောက်နှစ်ရက် သုံးရက်နေရင် မီဒီယာမေးမြန်းမှု ကို ဖြေကြားပါ့မယ်။” ဟု ကိုကျော်ဆက်နိုင် ကဆိုသည်။
မင်းထင်ကိုကိုကြီးအား လူမှုကွန်ရက်ပေါ်တွင် တပ်မတော်နှင့် ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့မှုကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက  ပုဒ်မ၅၀၅(က) တို့ဖြင့် ဧပြီ ၁၂ရက် က အင်းစိန်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် “ဟြောင့် (ဟေ့ကောင်)တိုင်းပြည်က မင်းတို့စစ်အာဏာရှင် တစ်သိုက်၊ မင်းတို့ဖွတ်သူခိုးတစ်သိုက်၊ မင်းတို့ လက်ပါးစေ မဘသတစ်သိုက်ကြောင့် ပျက်သွားပြီ။” ဟူသည့်ရေးသားချက်အပါအဝင် စာစု ၁၀ ခုရေးသားမှုကြောင့် မင်းထင်ကိုကိုကြီးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီး ကို ၂၀၁၉ခုနှစ် ဧပြီ ၁၂ရက်က စတင်ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး သြဂုတ်လ ၂၉ရက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ထောင်ဒဏ်တစ်နှစ်တွင် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုကြောင်း အင်းစိန်တရားသူကြီးက ချမှတ်သည့်အမိန့်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ထောင်ထဲတွင် ၁၀လနှင့် ၁၀ရက် နေထိုင်ခဲ့ရပြီး ချုပ်ရက်ခံစားရက်များဖြင့်အမိန့်ချခံရပြီးနောက်ပိုင်းတွင် ကျန်းမာရေးအခြေအနေကြောင့် အယူခံတက်ခဲ့ပေမယ့် တရားရုံးက ပလပ်ခဲ့သည်။

ဖမ်းဆီးမခံရစဉ်တွင် အသည်းကင်ဆာဝေဒနာကြောင့် အသည်းတစ်ခြမ်းလှီးထုတ်ထားရပြီး နှလုံးနှင့်ကျောက်ကပ်ဝေဒနာကိုလည်း ခံစားနေရကာ လက်ရှိတွင် ကျန်းမာရေး အခြေအနေကောင်း မွန်လျှက် ရှိပြီး ဆေးကုသရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

အကျဉ်းကျစဉ် က ထောင်တွင်းတွင် ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားအတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး ဆက်လက်ပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးသွားမည် ဖြစ်ပြီး ဇာတ်ညွှန်းသင်တန်းများပေးသွားမည် ဖြစ်ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။

ယခင်ကာလများအတိုင်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ဝေဖန်သွားမည်ဖြစ်ကြောင်း ၎င်းက သည်ကနေ့မနက်က မီဒီယာများကို ပြောကြားခဲ့သည်။

မင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်သည့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံ ကို တည်ထောင်သူဖြစ်သည်။ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် များ ကို ဦးစီးကျင်းပသူလည်းဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly