တပ်မဲရုံများ ပြင်ပထုတ်ခြင်းသည် မူမမှန်ဟု တပ်မတော်သားကိုယ်စားလှယ် ပြော

တပ်မဲရုံများ ပြင်ပထုတ်ခြင်းသည် မူမမှန်ဟု တပ်မတော်သားကိုယ်စားလှယ် ပြော

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၀

တပ်မဲရုံများကို ပြင်ပထုတ်ခြင်းသည် မူမှန်မှုမရှိဟု ယူဆကြောင်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ မဲပေးသည့် တပ်တွင်းက မဲရုံများကို တပ်ပြင်ပရှိ သင့်လျော်သည့် နေရာတွင် ထားရှိရန်အချက်အပါအဝင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥဒေနှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပါတီတစ်ခု၏ တာဝန်ရှိသူတစ်ယောက်က တပ်မဲရုံများ တပ်ပြင်ပသို့ ထုတ်မည်ဟု ပြောဆိုပြီးနောက်ပိုင်း မှသာ ရွေးကောက်ပွဲကော်မရှင်ကယခုကဲ့သို့ နည်းဥပဒေကို ပြင်ဆင်သည်ဟု တပ်မတော်ဘက်က သုံးသပ်သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ၂၀၁၀၊၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဒီလိုပဲ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ နဲ့ အားလုံးပွင့်ပွင့်လင်းလင်းနဲ့ ရွေးကောက်ပွဲကြီးဆောင်ရွက်ခဲ့ပြီးတော့ ဒီမဲရုံတွေရှိတဲ့ အတွက် ဘာပြသနာမှ မရှိခဲ့ဘူး။ ဒီလိုပဲ အေးအေးချမ်းချမ်းနဲ့ ပြီးသွားခဲ့တာပဲ။ ဒီလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်လို့လဲ ဒီနေ့ ဒီပါတီက အနိုင်ရပြီးတော့ ဒီလိုအစိုးရတွေ ဖွဲ့နိုင်တာ။ ဒီလိုလွှတ်တော်တွေဖွဲ့နေတာ ။ လွတ်လပ်မျှတမှုမရှိခဲ့ဘူး ဆိုလို့ရှိရင် ဒီလိုမျိုးဖြစ်လာစရာအကြောင်းကိုမရှိဘူး။ ဒါကြောင့်မို့လို့ ဒီလိုဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၀၊၂၀၁၅ ရွေးကောက်ပွဲ ဘာမှပြသနာ မရှိခဲ့ပဲနဲ့ အခုကျမှ ဒီလိုတပ်မဲရုံအပြင်ထုတ်ရမယ် ဆိုတာမျိုးကြီးကေ တာ့ တမင်လုပ်လာသလားဆိုတာမျိုးတောင်မှ အဓိပ္ပါယ်ကဖြစ်နေတာတွေ့ရပါတယ်” တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် လုံခြုံရေးအရ တပ်တွင်းတပ်ပြင်သင့်လျော်သည့် နေရာကို တပ်မှူးနှင့် ညှိုနှိုင်းသတ်မှတ်စေချင်သလို တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် တပ်များအတွက် လုံခြုံရေးအရ စိတ်မချရသည့် အခြေအနေများ နှင့် စစ်သည်မိသားစုများအတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲ ဖြစ်လာနိုင်သည်ဟု တပ်မတော်ဘက်က ရှုမြင်ပြောဆိုသည်။

“လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ တပ်မတော်တပ်ရင်းတပ်ဖွဲ့နဲ့ ရပ်ကွက်ကျေးရွာအုပ်စုများအလွန်ဝေးကွာတဲ့နေရာဟာဆိုလို့ရှိရင် ၅ရာခိုင်နှုန်းကနေ၁၀ရာခိုင်နှုန်း အထိသာရှိမှာဖြစ်ပြီးတော့ ၉၀ရာခိုင်နှုန်းကျော်က အရပ်နဲ့တပ်တွဲလျက်ရှိတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီးစိုးရိမ်ရတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ကြိုတင်မဲပေးခွင့်ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦကျော်စိုးလင်းက ပြောသည်။

ထို့အပြင် ကြိုတင်မဲပေးနိုင်သည့်အတွက် လုံခြုံရေးစိုးရိမ်စရာမလိုဘဲ တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် လုံခြုံစွားဖြင့် ပွင့်လင်းမြင်သာမှုရှိရှိမဲပေးနိုင်ရေး အတွက် ရွေးကောက်ပွဲကော်မရှင်၏ အဆိုပြုချက်အတိုင်း ဆက်လက်အတည်ပြုသင့်ကြောင်း ဦးကျော်စိုးလင်းက လွှတ်တော်တွင် ပြောသည်။

လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် တော်မတော်သားများနှင့် အတူနေမိသားစုများ မဲပေး နိုင်မည့် တပ်မဲရုံနှင့် ရပ်ကျေး ပူးတွဲဆောင်ရွက်ပြီး မဲပေး နိုင်မည့် မဲရုံစုစုပေါင်း ၁၀၀၀ဝန်းကျင်ခန့်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောဆိုထားသည်။

ရပ်ကွက်ကျေးရွာနှင့် ဝေးသည့် တပ်များအတွက် တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များသည် တပ်မဲရုံများတွင် သီးသန့်မဲပေးရမည် ဖြစ်ကာ ရပ်ကွက်ကျေးရွာများနှင့် နီးသည့် တပ်များသည် ရပ်ကွက်မဲစာရင်းပြုစုထားသည့် အတိုင်းမဲပေးရမည်ဟု ကာ်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly