မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း

မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း

ရေးသားသူ Dr. Htet Htet Zaw Win
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရင်ဆုံးပြောချင်တာက ‘ဂုဏ်ပြုပါတယ်’။ ၁၀လလောက်တောင့်ခံပြီးတဲ့နောက်မှာ သင်ဟာမိခင်တစ်ဦးဖြစ်သွားခဲ့ပါပြီ။ ကလေးမွေးပြီးတဲ့နောက်မှာ ဆရာမက မိခင်ရော ကလေးပါကျန်းမာပါတယ်လို့ပြောတဲ့အချိန်က အမေ တွေအတွက်အပျော်ဆုံးအချိန်ပါပဲ။ ကိုယ်ဝန်ဆောင်တုန်းက အပြောင်းအလဲတွေတွေ့ခဲ့ရသလိုမျိုး ခု မီးနေသည် ဘဝမှာလည်း အပြောင်းအလဲတွေတွေ့ရဦးမှာပါ။ မီးနေသည် ဆိုတာ ကလေးမွေးပြီး နာလန်ပြန်ထူတာပါ။ ဒါ ကြောင့် ကိုယ်ဝန်ဆောင်နည်းတူစောင့်ရှောက်ဖို့လိုပါတယ်။ ဘယ်လိုအပြောင်းအလဲတွေတွေ့မှာလဲ။ ဘယ်လိုပြုစုစောင့်ရှောက်မှာလဲဆိုတာ  ဆက်ကြည့်ရအောင်။

မီးနေသည် ကာလက ဘယ်လောက်ကြာမှာလဲ။

ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မွေးပြီး၄၅ရက် (၆ပတ်)က မီးတွင်းပါ။ မွေးဖွားရလွယ်ကူရင်တောင် သင့်သားအိမ်က အဆုံးစွန်ထိချဲ့ထားတဲ့အတွက် နဂိုအတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရမှာပါ။ မီးတွင်းဒုက္ခတွေကိုခံစားရတာ မီးနေ သည် တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ တချို့ကတစ်ပတ်လောက်နဲ့ နေသားကျသွားသလို တချို့ကကလေးတော်တော်ကြီးတဲ့အထိ မသက်သာပါဘူး။ ရိုးရိုးမွေးထားတဲ့သူတွေက ဘယ်လောက်ကြာမှ မွေးလမ်း ကြောင်းပုံမှန်အတိုင်းပြန်ဖြစ်မလဲဆိုတော့ မွေးလမ်းကြောင်းမချဲ့ရရင် ၃ပတ်၊ မွေးလမ်းကြောင်းချဲ့ရင် ၆ပတ်လောက်ကြာတတ်ပါတယ်။ မွေးပြီးရင် မွေးလမ်းကြောင်းက အရင်လိုမဟုတ်တာတော့ သေချာပါတယ်။ ခွဲမွေးထား  တယ်ဆိုရင်တော့ ဆေးရုံမှာ ၃ ၄ရက်လောက် နေရမှာပါ။ ပုံ၊ ဘယ်လိုမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် ၁လ ၁လခွဲလောက်စောင့်ရမှာပါ။ မမွေးခင် ညှစ်ထားဦးမယ်ဆိုရင်တော့ မိန်းမကိုယ်ကပါ နည်းနည်းနာနေမှာပါ။

ကဲ မီးနေသည် တွေ ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လိုစောင့်ရှာက်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်

    ကလေးမွေးပြီးရင် သွေးဆင်းခြင်း- ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး ၄၅ရက်လောက်ထိ မီးနေသွေးဆင်းတတ်ပါတယ်။

ရာသီသွေးဆင်းတာနဲ့ တူပါတယ်။ တဖြည်းဖြည်းအရောင်ဖျော့သွားပါတယ်။ မွေးပြီး ၃ရက်ကနေ ၁၀ရက်အထိ သွေးဆင်းများတတ်ပါတယ်။ သွေးဆင်းတာအရမ်းများရင်၊ ၁နာရီကို pad၁ခုလောက်လဲနေရရင် ဆရာဝန်ကို ပြောပြပါ။ မွေးပြီးသွေးသွန်တာများတာလည်းဖြစ်နိုင်ပါတယ်။ မီးနေသွေးဆင်းတဲ့ အချိန်မှာ padပဲသုံးသင့်ပါတယ်။ Tamponမသုံးသင့်ပါဘူး။

    မွေးလမ်းကြောင်းအနာသက်သာဖို့- ရိုးရိုးမွေးတဲ့သူတွေက မွေးလမ်းကြောင်းချဲ့သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ ကလေးတစ်ယောက်လုံးထွက်ထားတဲ့အတွက် မွေးလမ်းကြောင်းစုတ်ပြဲတာ အနည်းနဲ့ အများတော့ရှိပါတယ်။

ဒါတွေသက်သာဖို့ အောက်က အခင်းထူထူခင်းထိုင်ပါ။ Padခံထားပြီ အပေါ်ကနေ ရေခဲလေးအုံပေးပါ။ ဆီးသွားပြီးတိုင်း ရေကြက်သီးနွေးနဲ့ ဆေးပေးပါ။ အနာသက်သာအောင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပါ။ ဝမ်းချုပ်မခံပါနဲ့။

    ခွဲကြောင်းသက်သာဖို့- ခွဲမွေးထားရင်တော့ ချုပ်ရိုးကို သေချာသန့်ရှင်းရေးလုပ်ပါ။ အနာကို ပြည်မတည်ပါစေနဲ့။ အနာကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ဆရာဝန်ကို မေးမြန်းပါ။ အနာကောင်းကောင်းမကျက်ခင် အလေး အ ပင်မတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

 ဝမ်းမချုပ်စေဖို့- မွေးပြီးပြီးချင်းမှာ ဝမ်းပြန်သွားဖို့အခက်အခဲရှိမှာပါ။ ဒါပေမယ့် ဝမ်းသွားဖို့အတင်းမကြိုးစားပါနဲ့။ ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ လမ်းလျှောက်ပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဝမ်းပျော့ဆေးသောက်ပါ။ ဝမ်းမညစ်ပါနဲ့။ ဒါက မွေးလမ်းကြောင်းချဲ့ထားတဲ့အနာအတွက်ရော၊ ခွဲမွေးထားတဲ့သူအတွက်ရောမကောင်းပါဘူး။

 မိန်းမကိုယ်ပုံမှန်ပြန်ဖြစ်စေဖို့- မိန်းမကိုယ်ပုံမှန်ပြန်ဖြစ်အောင်၊ အမျိုးသားနဲ့ အတူနေတဲ့အခါ အဆင်ပြေအောင်၊ မွေးပြီးဆီးမထိန်းနိုင်တာမဖြစ်အောင် ‘Kegel လေ့ကျင့်ခန်း’ကို လုပ်ပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲမွေးမွေး ဒီလေ့ကျင့်ခန်းကို လုပ်ပေးလို့ရပါတယ်။ ကိုယ်သက်တောင့်သက်သာဖြစ်တယ်လို့ခံစားရတာနဲ့ ဒီလေ့ကျင့်ခန်းကို စလုပ်နိုင်ပါပြီ။

ရင်သားနာတာသက်သာဖို့- မွေးပြီးသိပ်မကြာခင်မှ ရင်သားတွေက တင်းပြီး နာလာတတ်ပါတယ်။ ဒါသက်သာအောင် ကလေးကို နို့မကြာခဏတိုက်ပေးလို့ရပါတယ်။ ဒါ့ပြင် နို့မတိုက်ခင်မှာ ရင်သားကို ရေနွေးဝတ်ကပ်ပေး တာ၊ ရေနွေးနဲ့ ရေချိုးတာကည်း နို့ကို ပိုထွက်စေသလို ရင်သားနာတာကိုလည်း ပိုသက်သာစေပါတယ်။ နို့တိုက်ပြီးရင်လည်း ရေနွေးဝတ်လေးပြန်ကပ်ပေးပါ။ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးလေးတွေ သောက် လို့ရပါတယ်။ နို့မတိုက်တဲ့ မိခင်တွေကတော့ ဘရာဇီယာဝတ်ပါ။ နို့တွေကို မညှစ်ထုတ်ပါနဲ့။ ဒါက နို့ပိုထွက်စေပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး နို့ခမ်းဆေးသောက်လို့ရပါတယ်။

အာဟာရပြည့်စေဖို့- ကိုယ်ဝန်ဆောင်တုန်းကလိုပဲ တစ်နေ့သုံးနပ်အဝစားမယ့်အစား နည်းနည်းနဲ့ ၅ခါလောက်စားရပါမယ်။ စားတဲ့အခါမှာလည်း စုံလင်အောင်စားရမှာပါ။ ထမင်းနဲ့ ငါးခြောက်၊ ဟင်းခါးလောက်နဲ့ တင်မရ ပါ ဘူး။ အမေအစားရှောင်ရင် ကလေးမှာ သူငယ်နာရောဂါဖြစ်တတ်ပါတယ်။ ထမင်းအပြင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စုံလင်အောင်စားပါ။ ရေများများသောက်ပါ။ အရက်၊ ကော်ဖီရှောင်ပါ။

  လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်- ဘယ်လိုပဲမွေးမွေး လေ့ကျင့်ခန်းပြန်လုပ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သေချာတာတော့ မီးနေသည်တွေက လမ်းတော့လျှောက်ပေးရပါမယ်။ မီးတွင်းတစ်တွင်းလုံး အိမ်တွင်း အောင်းနေစရာမလိုပါဘူး။ နည်းနည်းသက်သာလာတာနဲ့ လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါးအလုပ်တွေ စလုပ်လို့ရပါပြီ။ ဒါက သွေးလှည့်ပတ်မှုကောင်းစေသလို ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။

 မီးနေသည် စိတ်ကျခြင်း- မွေးပြီးပြီးချင်းမှာ အမေတွေက ဟော်မုန်းအပြောင်းအလဲ၊ အိပ်ရေးပျက်တာ၊ ကလေးလေးကို ပြုစုရလို့ပင်ပန်းတာတွေပေါင်းပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါက သင်တစ်ယောက်တည်း မဟုတ် ပါ ဘူး။ မီးနေသည် ၄ယောက်မှာ ၁ယောက်ကဖြစ်တတ်ပါတယ်။ အသားကျသွားရင် ပြန်ကောင်းသွားမှာပါ။ ၂ပတ်ထက်ကြာအောင် ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသပါ။

ကလေးမွေးတယ်ဆိုတာ မိခင်တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီလိုအချိန်မှာ မိခင်တွေ အခက်အခဲမရှိဘဲ ဖြတ်သန်းနိုင်အောင် အပေါ်က နည်းလမ်းတွေကို လိုက်နာပါ။ မိသားစုရဲ့ ဖေးမစောင့်ရှောက်မှုကလည်း မိခင်ကို အားဖြစ်စေမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly