ချင်းအမျိုးသားများ၏သစ္စာရှိမှုက ဖက်ဒရယ်တည်ဆောက်ရေးမှာ အားဖြစ်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ချင်းအမျိုးသားများ၏သစ္စာရှိမှုက ဖက်ဒရယ်တည်ဆောက်ရေးမှာ အားဖြစ်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး ( fb )

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀။          ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကို မိမိတို့ ဆက်လက်လျှောက်လှမ်းနေရာ ချင်းအမျိုးသားများ၏ သစ္စာရှိမှု နှင့် လေးနက် တည်ကြည်မှုက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ် တပ်တစ်အား ဖြစ်စေ သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၂၀ ခုနှစ်၊ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် (၇၂)နှစ်မြောက် ချင်းအမျိုးသား နေ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် တက်ရောက်ကာ မိန့်ခွန်း ပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ မိဘဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို ဆက်လက် ဖြည့်ဆည်းနိုင်ဖို့ ဒီကနေ့ ၂၁ ရာစုခေတ် မှာ အစိုးရအနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူ ကျင်းပနေပါတယ်။ မပြီးဆုံးသေးတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းကို ကျွန်မတို့အချိန်အခါမှာ ဆက်လက် လျှောက်လှမ်း နေတာ ဖြစ်ပါ တယ်။ ချင်းအမျိုးသားတွေရဲ့ သစ္စာရှိမှု၊ လေးနက် တည်ကြည်မှုဟာ ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက် တစ်တပ် တစ်အားဖြစ်စေတယ်။”ဟု ၎င်းက ဆိုသည်။

ဘိုးဘွားစဉ်ဆက် မျှော်လင့်ထားခဲ့သည့် ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သည် ဆုံးခန်းမတိုင်သေး သောကြောင့် လက်ရှိ အစိုးရအနေဖြင့် ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင်ရန် ကြိုးစားနေသည်ဟု နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့များ သိမ်းပိုက်လိုက်သည့်အချိန် ကတည်းက ချင်းတိုင်းရင်းသား ညီနောင်များသည် ရရာလက်နက်ကိုစွဲကိုင်ပြီး တော့ စွမ်းစွမ်းတမံ ခုခံတော်လှန်ခဲ့သည်ကို ဗိုလ်ကြွမ်ဘိခ့်၊ ဗိုလ်ခိုင်ကမ်းတို့လို ထင်ရှားသည့် ချင်းအမျိုးသား တော်လှန်ရေး ခေါင်းဆောင်များက သမိုင်း သက်သေ ပြုနေပါသည်ဟု ပြောသည်။

“ချင်းတိုင်းရင်းသားတွေ အနေနဲ့လည်း မျိုးဆက်သစ်တွေကို နိုင်ငံရေး အမြင်ကျယ် ဖို့နဲ့ ဒီမိုကရေစီ စိတ်ဓာတ် တွေကို လက်ဆင့်ကမ်း အမွေပေးသွားနိုင်ရေးဟာလည်း တောင်ပေါ်၊ မြေပြန့် ပြည်တွင်းနဲ့ ပြည်ပ ချင်းတိုင်းရင်း သားများ၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်သည် ပထဝီ အနေအထားအရ အခွင့်မသာမှုများပြီး လူမှုစီးပွားရေးပိုင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသတစ်ခု ဖြစ်သည့်အတွက် ဦးစားပေး ဖွံ့ဖြိုးရေး ပြည်နယ်အဖြစ် သတ်မှတ်ထားပြီး ဆက်သွယ် သွားလာမှု အခက်အခဲများ မရှိရလေ အောင် လမ်းပန်းဆက်သွယ်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ချင်းတိုင်းရင်းသားများသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့တွင် ကျင်းပ သည့် တောင်တန်းနှင့် ပြည်မ သွေးစည်းညီညွတ်ရေး ညီလာခံသို့ တက်ရောက်လာခဲ့ပြီး ပင်လုံစာချုပ်မှာ သက်သေ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးယူကာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကို ထူထောင်ခဲ့ကြပြီး တိုင်းရင်းသားများ အတူတကွ ပေါင်းစည်းနေထိုင်ခဲ့ကြသည်။

သို့သော် အကြောင်း အမျိုးမျိုးကြောင့် လွတ်လပ်ရေးရပြီး ၃ လအကြာတွင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားကာ ယနေ့ချိန်ထိ ငြိမ်း ချမ်းရေး တည်ဆောက်ရန် အစိုးရ အဆက်ဆက်က ကြိုးပမ်းနေရသည်။

အဆိုပါ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ချင်းတိုင်းရင်းသားများကို ကိုယ်စားပြု ဖွဲ့စည်းထားသော ချင်းအမျိုးသားတပ်ဦး (CNF)က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုး ထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ တက်ရောက်ကာ တခြားသော တိုင်းရင်းသားများနှင့်အတူ ပူးတွဲ ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းနေကြောင်း သိရ သည်။

အလားတူ ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ချင်းတိုင်းရင်းသား အရပ်ဖက် အဖွ့ဲအစည်းများကလည်း ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ သင်္ကြန်မတိုင်မီ ကျင်းပ နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly