တရုတ်ကဝယ်လို့ ကြိုက်ဈေးရနေသည့် mask ဈေးကွက်

တရုတ်ကဝယ်လို့ ကြိုက်ဈေးရနေသည့် mask ဈေးကွက်
ဓာတ်ပုံ - ဆုမြတ်မေဇော်

ဖေဖော်ဝါရီ ၁၉ ။                     ။ မြန်မာနိုင်ငံတွင် မျက်နှာစည်း Mask ဈေးနှုန်း မြင့်တက်လာသည်မှာ  ပြည်တွင်းက ဝယ်လိုအား များပြားလာခြင်းကြောင့်မဟုတ်ဘဲ တရုတ်နိုင်ငံဘက်က ဝယ်ယူမှုများ ပြားလာသောကြောင့် ဈေးတက်လာသည်ဟု Mask လက်ကားရောင်းချသူအချို့က ပြောသည်။

လက်ရှိဈေးကွက်တွင် ပြည်တွင်း ဆေးဆိုင်များက လာဝယ်သည်ထက် နယ်စပ်ကနေ တဆင့်လာဝယ်သူ ပိုများပြီး ဆိုင်တစ်ဆိုင်တွင် တစ်နေ့ကို အခုရေ တစ်သိန်းခန့် တရုတ်ဘက်မှ လာဝယ်သည်ဟု ရွှေ ပြည့်စုံဈေးရှိ ကျေးဇူးရှင် Mask လက်ကားအရောင်းဆိုင်မှ မဇင်မာဦးက ဆိုသည်။

“တရုတ်က လာဝယ်တာတော့ အများကြီးပဲ ရေတောင်မရေနိုင်ဘူး သူတို့က ဗမာစကားမပြောတတ်တော့ စကားပြန်တွေ ခေါ်လာပြီး ဝယ်တာပေါ့နော် ဒီပစ္စည်းကိုယူပြီး လေယာဉ်ကနေ အများဆုံးပို့တယ် နိုင်ငံခြားက ဝယ်တာများတယ် ဒီက အဝယ်နည်းတယ် ပြောရမယ်ဆို သူတို့တွေက ဘယ်ဈေးနဲ့ဖြစ်ဖြစ် ဝယ်တယ် ကြိုက်တဲ့ဈေးပြော အရေအတွက်ရှိသလောက်ယူမယ် ပစ္စည်းရရင်ပြီးရော ဒါပေမယ့် ကွာလတီကောင်းရမယ် နမ်းကြည့်တယ် ပိုးသတ်ဆေးပါလား မပါလား ပြီးတော့မှ ဝယ်တာ”ဟု မဇင်မာဦးက ပြောသည်။

ရောင်းချနေသည့် maskများမှာ အိမ်နီးချင်းနိုင်ငံအနှံ့က ဆေးကုန်သည်များကနေတဆင့် ဆိုင်တစ်ခုချင်းစီကို ခွဲတမ်းစနစ်ဖြင့် ကုန်ချကာ ရောင်းချနေခြင်း ဖြစ်သည်။  ဆေးပစ္စည်းအများစု ဝယ်ယူရ ရှိနိုင် သော မင်္ဂလာဈေးတွင် လာရောက်ဝယ်ယူကြသူများသည် Mask များကိုပစ္စည်းအရည်သွေးသေချာကြည့်ကာ ဓာတ်ပုံတွေရိုက်ပြီး သူတို့ဝယ်ယူပို့ဆောင်ပေးမယ့်သူတွေဆီကို အွန်လိုင်း ကနေတစ်ဆင့် ပြသ နေကြတာကိုလည်း ဈေးကွက်အတွင်းတွေ့ရသည်။

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားပြီး (၂)လအတွင်း မြန်မာနိုင်ငံမှာ Mask ဈေးနှုန်း မြင့်တက်ခဲ့ပြီး ယခုချိန်ထိလည်း ဈေးနှုန်းမြင့်တက်နေဆဲ ဖြစ်ကာ mask အသုံးပြုမှုနည်းပါးသည်ကို တွေ့ရသည်။

စက်ရုံအလုပ်သမားများ၊ လူထူထပ်သည့်နေရာများသို့ နေ့စဉ် သွားလာနေရသူများနှင့် ဘတ်စ်ကားမှတ်တိုင်များ၊ ပွဲလမ်းသဘင်များ၌သာ အသုံးပြုကြသည်။

ယခင်က မျက်နှာစည်း mask ၅၀ခုပါ ဘူးတစ်ဘူးကို မြန်မာကျပ်ငွေ နှစ်ထောင်သာ ပေးဝယ်ရပြီး ယခုအခါတွင် အဆိုပါဘူးတစ်ဘူးကို မြန်မာကျပ်ငွေ နှစ်သောင်းခွဲမှ သုံးသောင်းအထိ ရောင်းချလျှက် ရှိသည်။လက်လီဈေးကွက်တွင်လည်း ယခင်က Mask တစ်ခုကို ၅၀ကျပ်မှ ယခု ကျပ် ၃၅၀ အထိဈေးနှန်းမြင့်တက်လျှက်ရှိသည်။

နိုင်ငံအနှံ့အပြားတွင် မျက်နှာစည်း mask ဈေးနှုန်း မြင့်တက်လာသည်ကို တားဆီးနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၏ ထုတ်ပြန်ချက်အတိုင်း mask များကို မလိုအပ်ပဲ အသုံးမပြုသင့်ကြောင်း ဆေး ပညာရှင်များက အကြံပြုထားကြသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါတ်တာ ဥမ္မာဆွေတင်က “mask ဆိုတာ တပ်ထားတိုင်းလည်း မကောင်ဘူး ရောဂါရှိတဲ့သူတွေပဲ တပ်ရင်ပို ကောင်း ပါတယ် ဒါမှ  သူနှာချေချောင်းဆိုးလိုက်တဲ့အခါ ထွက်လာတဲ့ ဗိုင်းရပ်စ်တွေက လွင့်မသွားနိုင်ဘူး မကူးစက်နိုင်ဘူး ပုံမှန်လူတွေ တပ်တဲ့အခါကျ စိုစွတ်မှုကိုဖြစ်စေတော့ ဗိုင်းရပ်စ်ပေါက်ဖွားဖို့ ပိုလွယ်တာ ပေါ့”ဟု ပြောသည်။

ကမ္ဘာတစ်ဝှမ်းတွင် မျက်နှာစည်း Maskများ ပြတ်လပ်မှုကို ကာကွယ်ရန် နေမကောင်းဖြစ်နေသည့် လူနာများ၊ အဆိုပါလူနာများကို ပြုစုနေရသူများ၊ ကျန်းမာရေးဝန်ထမ်းများသာ အသုံးပြုရန် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly