HIV နှင့် တုပ်ကွေးရောဂါ ကုထုံးသုံး စပ်ဆေးဖြင့် ကုသခဲ့သည့် ကိုရိုနာကူးစက်ခံလူနာ ပြန်လည်ကျန်းမာလာကြောင်းတွေ့ရှိ

HIV နှင့် တုပ်ကွေးရောဂါ ကုထုံးသုံး စပ်ဆေးဖြင့် ကုသခဲ့သည့် ကိုရိုနာကူးစက်ခံလူနာ ပြန်လည်ကျန်းမာလာကြောင်းတွေ့ရှိ

ဖေဖော်ဝါရီ ၁၉ ။                      ။  Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ ပြင်းထန်အဆုတ်ရောင်ရောဂါခံစားနေရတဲ့ အသက် ၇၄ နှစ်အရွယ်ရှိ တရုတ်အမျိုးသမီးတစ်ဦးဟာ HIV နဲ့ တုတ်ကွေး ရောဂါတွေ ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေကို တွဲပြီး စပ်ဆေးအဖြစ်သုံးကာ ကုသမှုခံယူပြီးတဲ့နောက် နာမကျန်းဖြစ်နေရာကနေ ပြန်လည်နာလန်ထူနိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာပြောပါတယ်။

အဆိုပါအမျိုးသမီးဟာ ပြင်းထန်အဆုတ်ရောင်ရောဂါခံစားခဲ့ရပြီး ဇန်နဝါရီ ၂၉ ရက်က Prachuap Khiri Khan ပြည်နယ်  Hua Hin မြို့ ပုဂ္ဂလိကဆေးရုံတစ်ရုံကနေ ဘန်ကောက်ရှိ Rajvithi ဆေးရုံကို လာရောက်ကုသခဲ့တာဖြစ်တယ်လို့ အဆိုပါလူနာဆီသွားရောက်ကြည့်ရှုခဲ့တဲ့ ထိုင်းနိုင်ငံ ဒု-ကျန်းမာရေးဝန်ကြီးဖြစ်သူ Sathit Pitutecha က ပြောပါတယ်။

လူနာကို အစက lopinavir နှင့် ritonavir  လို့ခေါ်တဲ့ HIV ကု ဆေးဝါးနှစ်မျိုးနဲ့ ငါးရက်ကြာ ကုသခဲ့တဲ့အခါ မသက်သာခဲ့တဲ့အတွက် ဆရာဝန်တွေက ဆေးညွှန်းမှာ တုပ်ကွေးအဖျားပျောက်ဆေး oseltamivir ကိုပါ တွဲပြီး ကုသလိုက်တဲ့အခါမှာတော့ သိသိသာသာ သက်သာလာတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ သူမရဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ၈ နာရီနဲ့ ၁၂ အတွင်းမှာ သက်သာလာခဲ့ပြီး ၄၈ နာရီအကြာမှာတော့ Covid-19 ဗိုင်းရပ်စ် ကင်းစင်သွားတယ်လို့ သိရပါတယ်။

လူနာကို နောက်ထပ် ၁၀ ရက်ကြာ အဆိုပါ စပ်ဆေးနဲ့ ကုသခဲ့ပြီး ရက်ပေါင်း ၂၀ အတွင်း စမ်းသပ်မှု ၄ ကြိမ်လုပ်ပြီးတဲ့နောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် လုံးဝမတွေ့ရတော့ပါဘူး။

Mr Sathit က “ ဒါဟာ အပြည့်အဝ နာလန်ပြန်ထူလာပြီး ဆေးရုံကဆင်းနိုင်ပြီ ဆိုတဲ့ အဓိပ္ပါယ်ပါ၊ သူ့နေရပ်ကို ပြန်ဖို့ ကောင်းကောင်းကျန်းမာနေပြီလားဆိုတာသိရအောင် နောက်ထပ် ကျန်းမာရေးစစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ” လို့ပြောပါတယ်။

လက်ရှိမှာ တရုတ်လူမျိုးလူနာသုံးဦးနဲ့ ထိုင်းလူနာတစ်ဦးတို့ကို အဲဒီ စပ်ဆေးနဲ့ ကုသပေးသွားမှာဖြစ်ပြီး အခုကျန်းမာလာတဲ့အမျိုးသမီးကတော့ စပ်ဆေးနဲ့ကုတဲ့ ပထမဆုံးလူနာဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနမှ ဒုညွှန်ကြားရေးချုပ် Dr Narong Aphikulvanich က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၁၉ ရက်အထိ  ကိုရိုနာကူးစက်ခံရသူ ၃၅ ဦးရှိခဲ့ပြီး ၁၇ ဦးမှာ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်ကတည်းက စောင့်ကြည့်လူနာပေါင်း ၈၁၇ ဦးရှိခဲ့ပြီး အဲဒီအထဲက ၈၂ ယောက်ကို ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly