နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားမည်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားမည်
ပုံ -  သမ္မတရုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉။            ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၎င်း၏ သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက မဇ္ဈိမသို့ ပြောသည်။

“အိန္ဒိယသမ္မတနဲ့ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ ရှိပါတယ်။ ခရီးစဉ်ဆိုတော့ ကြိုပြောလို့တော့ မရဘူးပေါ့ ထုံးစံအတိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယခု သွားမည့် ချစ်ကြည်ရေးစဉ်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အနေဖြင့် အိန္ဒိယသို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ပထမဆုံး အကြိမ် သွားရောက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလက သမ္မတဦးဝင်းမြင့်သည် နယူးဒေလီရှိ အိန္ဒိယသမ္မတ အိမ်တော်၌ ပြုလုပ်သည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဒုတိယသက်တမ်း ကျမ်းသစ္စာ ဆိုပွဲသို့တက် ရောက်ခဲ့ဖူးသည်။

သို့သော် ထို ခရီးစဉ်သည် နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း မဟုတ် ဘဲ ယခုသွားရောက် မည့် ခရီးစဉ်က နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ပထမဆုံး အကြိမ် သွားရောက် ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ မကြာမီ ကာလအတွင်း အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက် မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

သို့သော် မည်သည့်နေ့ရက်တွင် သွားရောက်မည်ကိုတော့ အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်မှာ ဖော်ပြ မထားသကဲ့သို့ မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းအပေါ်မှာလည်း ခရီးစဉ် အသေးစိတ် ပြောရန် အဆင်မပြေသေး ကြောင်း ဆိုသည်။

အိန္ဒိယသမ္မတနိုင်ငံသို့ ၂၀၁၆ ခုနှစ်က သမ္မတဟောင်း ဦးထင်ကျော် တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လေးရက်ကြာ သွားရောက်ခဲ့ဖူးသည်။ယခု အခါ သမ္မတ ဦးဝင်းမြင့်သွားရောက်မည့် ခရီးစဉ်မှာ မြန်မာနိုင်ငံမှ သမ္မတ တစ်ဦးအနေဖြင့် ထပ်မံ သွားရောက်မည့် နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်တစ်ခု ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက အိန္ဒိယသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လာရောက်ခဲ့ပြီး နေပြည်တော်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်တို့ဖြင့် တွေ့ဆုံခဲ့ကြသည်။

အိန္ဒိယ အစိုးရသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သည့်နိုင်ငံလည်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာနိုင်ငံအတွက် စီးပွားရေးအရ အပါအဝင် သံသမန်ရေးအရပါ အရေးပါသော နိုင်ငံတစ်ခုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required