ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တဲ့ ဂျပန်သင်္ဘောပေါ်မှ မကူးစက်ခံရတဲ့ ခရီးသည်တွေ ဆင်းသက်ခွင့်ရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တဲ့ ဂျပန်သင်္ဘောပေါ်မှ မကူးစက်ခံရတဲ့ ခရီးသည်တွေ ဆင်းသက်ခွင့်ရ

ဖေဖော်ဝါရီ ၁၉။            ။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပြီး ဗိုင်းရပ်စ်ကူးစက်ထားတာ မရှိတဲ့ ခရီးသည် ရာပေါင်းများစွာကို ဗုဒ္ဓဟူးနေ့မှာ သင်္ဘောပေါ်ကနေ ဆင်းသက်ခွင့် ပြုလိုက်ပါတယ်။

Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အနည်းဆုံး ၅၄၂ ဦး ရှိခဲ့တာကြောင့် ဂျပန်နိုင်ငံဟာ သင်္ဘောပေါ်က ခရီးသည်တွေကို ပေးမဆင်းဘဲ ရက်အတန်ကြာအောင် ရောဂါခြေချုပ်အဖြစ် ထားရှိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

“ခုတော့ ကျွန်တော် လွတ်မြောက်ပါပြီ။ ကောင်းကောင်း အနားယူချင်နေတယ်။”လို့ သင်္ဘောပေါ်က ဆင်းသက်ခွင့်ရတဲ့ အသက် ၇၇ နှစ်အရွယ် ဂျပန်အဘိုးအိုတစ်ဦးက ပြောပါတယ်။

အခု သင်္ဘောပေါ်က ခရီးသည်တွေဟာ ၁၄ ရက်ကြာ ရောဂါခြေချုပ်အဖြစ် ကိုရိုနာ ကူးစက်ဖြစ်ပွားနေရာ သင်္ဘောပေါ်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးလို့ ဗိုင်းရပ်စ် ကူးစက်မှု မရှိတဲ့ ခရီးသည် ၅၀၀ ကို သင်္ဘောပေါ်ကနေ ခုချိန်မှ ဆင်းသက်ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

Diamond Princess သင်္ဘောပေါ်မှာ ကိုရိုနာ ကူးစက်ဖြစ်ပွားမှုဟာ တရုတ်နိုင်ငံပြင်ပမှာ အများဆုံး ကူးစက်ဖြစ်ပွားမှုပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုရိုနာကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူပေါင်း ၂၀၀၀ ကျော် ရှိပြီး ကူးစက်ခံထားရသူ ၇၄၀၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။

အခြားသော နိုင်ငံနှစ်ဒါဇင်ခန့်မနည်းမှာလည်း ကူးစက်ဖြစ်ပွားသူ ရာပေါင်းများစွာ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly