သမ္မတရှီနှင့် မြန်မာတို့ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း တရုတ်မြန်မာစင်္ကြံလမ်းအတွက် အန္တရာယ် လျော့ပါးမသွားသေး

သမ္မတရှီနှင့် မြန်မာတို့ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း တရုတ်မြန်မာစင်္ကြံလမ်းအတွက် အန္တရာယ် လျော့ပါးမသွားသေး
တရုတ်သမ္မတရှီကျင့်ဖျင် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော်သမ္မတအိမ်တော်တွင် နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးအပြီး တွေ့ရစဉ်။ ဇန်နဝါရီလ ၁၈ ရက် ၂၀၂၀ ဓါတ်ပုံ EPA

တရုတ်သမ္မတရှီကျင့်ဖင် ယခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း ဒေါ်လာဘီလီယံပေါင်းမြောက်မြားစွာတန်ဘိုးရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာ စာချုပ် များ လက်မှတ်ရေး ထိုးသွားခဲ့သည်။ ယင်းတို့ထဲတွင် အိန္ဒိယသမုဒ္ဒရာရှိ မဟာဗျူဟာအရ အရေးပါသော ကျောက်ဖြူဆိပ်ကမ်းလည်း ပါဝင်သည်။

မြန်မာနှင့် တရုတ်တို့ ၂၀၁၅ ခုနှစ်က ကနဦးချုပ်ဆိုခဲ့သော စာချုပ်တွင် ဒေါ်လာ ၇.၃ ဘီလီယံတန် ရေနက်ဆိပ်ကမ်းနှင့် ဒေါ်လာ ၂.၇ ဘီလီယံတန် စက်မှုဇုံစီမံကိန်းတို့ပါဝင်ခဲ့သော်လည်း နောက်ပိုင်း ၂၀၁၈ ခုနှစ်က ပြင်ဆင်ချုပ်ဆိုခဲ့သော စာချုပ်တွင်မူ ကြွေးမြီထောက်ချောက်ထဲကျမည်ကို စိုးရိမ်ကာ စီမံကိန်းတန်ဘိုးကို အမေရိကန်ဒေါ် လာ ၁.၃ ဘီလီယံအထိ လျှော့ချခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ပို၍စိတ်ဝင်စားစရာကောင်းသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်သမ္မတရှီက သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးအတွက် မြန်မာစစ်တပ်နှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာစင်မြင့်တွင် မြန်မာနိုင်ငံကိုယ်စား ရပ်တည်ပြောကြားပေးရန်တို့လည်း ပါဝင်ခဲ့သည်။

ဤအာမခံပြောကြားချက်များသည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် နှိပ်စက်ညှဉ်းပန်းမှုများပြုခဲ့သည်ဟူသော စွပ်စွဲချက်များအပေါ်ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤအသစ်ဖြစ်ထွန်းတိုးတက်မှုများကြောင့် တရုတ်မြန်မာစီးပွားရေး စင်္ကြံလမ်းမ (CMEC) ၏မြန်မာ့ ပြည်တွင်းရေးတည်ငြိမ်မှုအပေါ် ကြီးမားစွာ သက်ရောက်နိုင်ခြင်းအတွက် စိုးရိမ်ပူပန်မှုများ အသစ်တဖန် ဖြစ်ပေါ်လာစေခဲ့သည်။ CMEC သည် ကီလိုမီတာ ၁,၇၀၀ ကျော်မျှ ရှည်လျားမည်ဖြစ်ပြီး ယင်းတွင် ရထားလမ်းကွန်ရက်များ၊ ကုန်သွယ်ရေး ဇုန်များနှင့် အဓိကအခြေခံအဆောက်အအုံ စီမံကိန်းများပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ခက်ခက်ခဲခဲရုန်းကန်နေရသော စီးပွါးရေးကို တရုတ်၏ခါးပတ်တစ်ချောင်း လမ်းတစ်စင်းထိုးထွင်းကြံဆမှု (BRI) နှင့်ပေါင်းစည်းပေးမည်ဖြစ်ကာ တရုတ်၏ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက်လည်း အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ရရှိစေမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် မြန်မာဒေသခံတို့၏တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ကာလရှည်ကြာ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် CMEC စီမံကိန်းအတွက် အခက်အခဲ အကျပ် အတည်းများ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။တိုင်းပြည်၏နယ်စပ်ဒေသများသည် အစိုးရ၏စွက်ဖက်မှုများအတွက် အလွန်အကဲဆတ်သည့် ဒေသများဖြစ်သဖြင့် မြန်မာလူထု၏ယုံကြည်မှုကို ရရန် တရုတ်ကုမ္ပဏီများအဖို့အခက်အခဲနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

မြန်မာအစိုးရနှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရာတွင် ဖွံ့ဖြိုးမှုအကျိုးရလဒ်များသည် မြန်မာ စစ်အစိုးရနှင့် ယင်းတို့၏အထက်တန်းလွှာ ရေပေါ်ဆီတစ်စု၏ လက်ထဲတွင်သာ စုပြုံ ရောက်ရှိသွားခဲ့သည် မှာကြာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် အလွန်များပြားကျယ်ပြန့်သော တိုင်းရင်းသားလူမျိုးအုပ်စုများရှိပြီး ယင်းတို့၏ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့် တိုင်းပြည်၏ ကျယ်ပြောလှသော အခြားဒေသများနှင့် စီးပွားရေးအဆက်အဆံ မကောင်းခြင်းတို့ကြောင့် အများစုကြီးမှာ စီးပွားရေးအရ ဘေးဖယ်ခံထားရသည်။

ယင်းပြဿနာများကို ပိုဆိုးသွားစေသည်မှာ တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ (SOEs) က တိုင်းပြည်အများအပြားတွင် BRI သဘောတူညီချက် အစိတ်အပိုင်းအဖြစ် သယံဇာတများ တူးဖော်ထုတ်လုပ်နေခြင်းနှင့် စွမ်းအင်အခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်နေခြင်းတို့အပေါ် ပြင်းထန်သော ဝေဖန်မှုများခံနေရခြင်းဖြစ်သည်။တရုတ်ရင်းနှီးမြှုပ်နှံမှုများက မြန်မာတိုင်းရင်းသား လူနည်းစုများ၏လူမှုစီးပွားရေးဘဝများနှင့်သူတို့ နေထိုင်ရာ အရပ်ဒေသများ၏ ထိလွယ်ရှလွယ် သဘာဝပတ်ဝန်းကျင်တို့ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေလိမ့်မည်ဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မဒေးကျွန်းတွင် တည်ဆောက်နေသည့် တရုတ်အလုပ်သမား အဆောင်အား ဆောက်လက်စတွေ့ရစဉ်။ ဇွန်လ ၂၀၁၃ ဓါတ်ပုံ EPA

ဥပမာအားဖြင့် မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းဆိုလျှင် အမေရိကန်ဒေါ်လာ ၉ ဘီလီယံမျှ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အရှည် ၄၃၁ ကီလိုမီတာရှိမည်ဖြစ်သည်။ ဤရထားလမ်းသစ်သည် ယူနန်ပြည်နယ်ရှိ တာ့လီ-ရွှေလီ မြန်နှုန်းမြင့် ရထားလမ်းနှင့်ချိတ်ဆက်ပေးမည်ဖြစ်သည်။နောက်ထပ် စီမံကိန်းတစ်ခုမှာ ရန်ကုန်မြို့အနီး စတုရန်းကီလိုမီတာ ၁,၅၀၀ ကျော်မျှ ကျယ်ဝန်းသည့် မြို့သစ်စီမံကိန်းသစ် တစ်ခုဖြစ်သည်။ ယင်းတွင် နှစ်စဉ်ရေကြီးသည့် လယ်မြေကို မြို့ပြစက်မှုဇုန်အဖြစ် အသွင်ပြောင်းပေးမည့် ဟက်တာ ၈,၀၀၀ ကျော် ကျယ်ဝန်းသည့် စက်မှုဇုန် တစ်ခုလည်း ပါမည်ဖြစ်သည်။

သို့သော် ထိုစီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုထိခိုက်မှု လေ့လာဆန်းစစ်အကဲဖြတ်ချက်များကို သူတို့ အကုန်အစင် လုပ်ဆောင်ခဲ့ပြီးပြီဆိုလျှင်ပင် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မပြုရသေး ပေ။ နောက်ထပ်ပြဿနာဖြစ်နေသော တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ ယခုအခါ ခေတ္တရပ်ဆိုင်းထားသော မဂ္ဂါ ဝပ် ၆,၀၀၀ ထွက်ရှိမည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဖြစ်သည်။

ယင်းစီမံကိန်းကြောင့် ကချင်ပြည်နယ်ရှိ လူပေါင်း ၁၀,၀၀၀ မျှ နေရပ်စွန့်ခွာရွှေ့ပြောင်းပေးရမည်ဖြစ်သည်။ မတည်မငြိမ်ဖြစ်နေသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ယူနန်ပြည်နယ် ခွင်းမင်မြို့သို့ ရေနံ နှင့် ဓာတ်ငွေ့ သယ်ယူရန် အဆိုပြုထားသည့် အရှည် ၇၇၀ ကီလိုမီတာ ပိုက်လိုင်းတစ်လျှောက် နေထိုင်ကြသည့် လူထုမှာလည်း အဆိုပါစီမံကိန်းကြောင့် မြေယာဆုံးရှုံးရမည်ဖြစ်သဖြင့် သူတို့၏ ပရိယေသန ဝမ်းစာရှာဖွေမှုများကို ဆုံးရှုံးရဖွယ် ရှိနေ သည်။ လက်နက်ကိုင်အဖွဲ့များတစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက်နေမှုများ၊ မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေမှုများ၊ သယံဇာတ ထုတ်ယူနိုင်ရေးအတွက် နယ်မြေလုစစ်ပွဲများကြောင့် မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာပင် ပဋိပက္ခစီးပွားရေးအတွင်းသို့ ကျရောက်နေခဲ့ရသည်။

မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသော တရုတ် နယ်စပ်ပြည်နယ်များရှိ တရုတ်ပုဂ္ဂလိကကုမ္ပဏီများသည် သစ်၊ သတ္တု၊ စိုက်ခင်း စသည့် သဘာဝသယံဇာတထုတ်ယူမှုများအတွက် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံကာ တရားမဝင် ထုတ်ယူလျက်ရှိကြသည်။ မြန်မာအစိုးရနှင့် တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက စီမံအုပ်ချုပ်လုပ်ကိုင်မည့် အခြေခံအဆောက်အအုံ စီမံကိန်းများက ဩဇာနယ်ပယ်ထူထောင်ရေးအ တွက် အပြန်အလှန် ရန်စောင်နေကြသော အဆိုပါနယ်မြေ များကို ဖြတ်သန်းသွားမည်ဖြစ်သည့်အတွက် ဒေသန္တရနိုင်ငံရေးအခင်းအကျင်းကို အလွန်ကြီးမားစွာ အန္တရာယ်ကျရောက်စေလိမ့်မည်ဖြစ်ပြီး အဆိုပါအုပ်စုများနှင့် မြန်မာအစိုးရအကြားရှိနေပြီးဖြစ်သော ဆက်ဆံရေးတင်းမာမှုများကို ပိုဆိုးသွားစေလိမ့်မည်ဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် ရှိရင်းစွဲ မြန်မာ့ပြည်တွင်းအင်အားချိန်ခွင်လျှာ မညီမမျှဖြစ်နေမှုများကို ထိန်းမနိုင်သိမ်းမရဖြစ်စေမည့် အခြေအနေမှ ထိန်းသိမ်းထားရန် လမ်းပြမြေပုံ တစ်ရပ်ရှိထားမည့် အရိပ်အယောင် ယခုထိ အနည်း ငယ်မျှသာ တွေ့ရှိရပါသေးသည်။  ။

( ဦးဘတင်သည် ဒေသတွင်းစာရေးသူတဦး၏အမည်ဝှက်ဖြစ်သည်)။

(ယခုဆောင်းပါးပါဖော်ပြချက်များသည် မဇ္ဈိမမီဒီယာ၏ အာဘော်ကိုထင်ဟပ်ဖော်ပြခြင်းမရှိပါ။)

Mizzima Weekly