လူ ၇ ဦး သေဆုံးတဲ့ ဗင်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ဟု ကိုလံဘီယာ ပြော

လူ ၇ ဦး သေဆုံးတဲ့ ဗင်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ဟု ကိုလံဘီယာ ပြော

ဖေဖော်ဝါရီ ၁၉ ။                  ။ ကိုလံဘီယာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက အများပြည်သူသုံး ဗင်ကားတစ်စီး မောင်းနှင်နေရင်း ပေါက်ကွဲမှုဖြစ်ခဲ့လို့ အနည်းဆုံး  လူ ခုနစ်ယောက် သေပြီး ၁၃ ဦးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ယင်း ကားပေါက်ကွဲမှုဖြစ်စဉ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

ယခုအခါမှာတော့ အဆိုပါ ကားပေါက်ကွဲမှုဖြစ်စဉ်ဟာ အများထင်သလို အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ဘဲ မတော်တဆမှု တစ်ခုသာ ဖြစ်တယ်ဆိုပြီး ကိုလံဘီယာအစိုးရက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်သွားခဲ့ပါတယ်။

အဆိုပါ ကားဟာ ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ကိုလံဘီယာနဲ့ အီကွေဒေါကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမကြီးပေါ်မှာ မောင်းနှင်နေရင်း ခုလို ပေါက်ကွဲမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

“ ကံမကောင်းစွာနဲ့ပဲ လူ ခုနစ်ယောက် သေပြီး ၁၃ ယောက် ဒဏ်ရာတွေ ရသွားပါတယ်” လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ကားလို့စ် ဟုမ်းစ် ထရူဂျီလိုက ပြောသွားခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ယင်းကားဟာ တရားမဝင်တဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ တင်ဆောင်လာရင်းနဲ့ ခုလို မတော်တဆ ပေါက်ကွဲမှုဖြစ်သွားတာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly