မြန်မာ့ စီးပွားရေးအတွက် အိန္ဒိယက တကယ့် အိမ်နီးချင်းကောင်း ဖြစ်လာမှာလား

မြန်မာ့ စီးပွားရေးအတွက် အိန္ဒိယက တကယ့် အိမ်နီးချင်းကောင်း ဖြစ်လာမှာလား

အိန္ဒိယဝန်ကြီးချုပ်အသစ် နာဟင်ဒရာမိုဒီရဲ့ လက်ထက်မှာ အိန္ဒိယနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကုန်သွယ်ရေးကို ပိုပြီးတိုးမြင့်သွားမယ်လို့ ပြောဆိုထားဖူးပါတယ်။ အခုလည်း အိန္ဒိယအစိုးရ၊ စက်မှု လုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုနဲ့ ရန်ကုန်မြို့မှာလေးကြိမ်မြောက် အိန္ဒိယ ကုန်စည် ပြပွဲကြီး ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒီကုန်စည်ပြပွဲကြီးမှာ အိန္ဒိယ ကုမ္ပဏီပေါင်း ၇၀ကျော်လောက် ပါဝင်ပြသ နေတာဖြစ်ပြီး ဒီကနေ စီးပွားရေး လုပ်ငန်းအချင်းချင်း ချိတ်ဆက်တာတွေ၊ ဖက်စပ် လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းတွေနဲ့ နည်းပညာ လွှဲပြောင်း နိုင်မယ့် စီးပွားရေးအရ ချဉ်းကပ်တာတွေလည်း ပါဝင်လာပါတယ်။ ဒါဆိုရင် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံ စီးပွားရေးအတွက် အိမ်နီးချင်းကောင်း ဖြစ်လာမှာလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

အိန္ဒိယအစိုးရ၊ စက်မှု လုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုနဲ့ အိန္ဒိယ ကုန်စည်ပြပွဲကြီးရဲ့ မီးဖိုဆောင်သုံး ပစ္စည်းတွေ ရောင်းချပေးနေတဲ့ ဆိုင်တစ်ဆိုင်မှာတော့  ပရိသတ်တွေနဲ့ စည်ကား နေပါတယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီအကူပစ္စည်းတွေနဲ့ ဆိုင်တာဝန်ခံက ပုံစံအမျိုးမျိုးရအောင် လှီးဖြတ်ခုတ်ထစ်ပြီး အိမ်ရှင်မတွေကို ဆွဲဆောင်နေပါတယ်။

“ဒါတွေက တကယ့်ကို အသုံးတည့်တဲ့ ပစ္စည်းတွေဖြစ်တယ်လေ၊ မီးဖိုဆောင်မှာ နေ့တိုင်း သုံးရတာ လေဗျာ” လို့ Noor International-India ရဲ့ ပစ္စည်းတွေ ရောင်းချပေးနေသူ မိုဟာမက် အာကီးက ဆိုပါတယ်။ ဒီလိုပြောရင်းဆိုရင်း သရုပ်ပြပြီးတိုင်း အနည်းဆုံး ပစ္စည်းတစ်ခုလောက်တော့ ရောင်းပေးနေရတာကို တွေ့ရပါတယ်။ဒီထက်ပိုတွင်ကျယ်တဲ့ ဈေးကွက်တွေဖြစ်လာဖို့ မြန်မာပြည်က စီးပွားဘက်တွေ လိုတယ်လို့ သူက ဆိုခဲ့ပါသေးတယ်။

အခြား ဆိုင်တစ်ဆိုင်မှာတော့ ခြံနဲ့ လယ်ယာထွက် တန်ဘိုးမြင့် ကုန်ပစ္စည်းတွေကို ရောင်းချပေးနေတာ တွေ့ရပါတယ်။ APEDA တာဝန်ခံက သူတို့ကုမ္ပဏီအနေနဲ့ ပစ္စည်း ရောင်းချတာအပြင် ပြည်တွင်း ရင်းနှီးမြုပ်နှံမှုတွေ လာလုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေကိုကြည့်ရင် အိန္ဒိယ နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေပြီဆိုတာ ပြသနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဂူတန် မူခိုပါဟယာ က “မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစိုးရကို ပြောချင်တာက အိန္ဒိယနိုင်ငံကို အလားအလာရှိတဲ့ စီးပွားဖက် အဖြစ် ပိုပြီးတော့ ရှုမြင်စေချင်တယ်” လို့ ပြောပါတယ်။

သူဆက်ပြောပြထားတာက နှစ်နိုင်ငံစလုံးရဲ့ သမိုင်းကြောင်းနဲ့ အခြေခံ စီးပွားရေးတွေက တူညီနေတော့ အိန္ဒိယရဲ့  အတွေ့အကြုံတွေကို မျှဝေချင်တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ မြန်မာပြည် စီးပွားရေးအတွက် အိမ်နီးချင်းကောင်း ဖြစ်လာမှာလား ဆိုတဲ့ မေးခွန်းကိုတော့ ခုလို ဖြေခဲ့ပါတယ်။

“သေချာတာပေါ့ဗျာ ရှိရင်းစွဲ အခြေအနေကိုက တကယ့်အိမ်နီးချင်း ကောင်းတွေပါ၊ ပြီးတော့ ဘယ်လို ပြဿနာမျိုးမှလည်း ကျွန်တော်တို့ကြားမှာမရှိဘူး၊ သမိုင်းကြောင်း အခြေအနေ တစ်ချို့ကြောင့် ကွာဟမှုတွေ ရှိနေပေမယ့် အိမ်နီးချင်းတွေပါပဲ” လို့ ဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ ပထဝီအနေအထားအရ မြန်မာနိုင်ငံက အိန္ဒိယရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်မှာ ရှိနေပါတယ်၊ ဒီလမ်းကြောင်းမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး အရှေ့တောင်အာရှ ဈေးကွက်ကို ကုန်သွယ်ရေးတွေ တိုးချဲ့ဖို့ အိန္ဒိယအစိုးရက ပစ်မှတ်ထားနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

“Made in India  မူဝါဒကို အိန္ဒိယဝန်ကြီးချုပ်က အကန့်အသတ်မရှိဘူးလို့ မြင်ထားတယ်ဗျ၊ ဒါက အိန္ဒိယနဲ့ အိမ်နီးချင်း နိုင်ငံတွေဆီမှာပါ ကျယ်ပြန့်နေပါတယ်။ ပြီးတော့ အရှေ့မြောက် စီးပွားရေးတံခါးက နှစ်နိုင်ငံကြား စီးပွားရေးကို ပိုပြီးတိုးတက်လာဖို့ ရှိတယ်။ ဒါက Made In India  စီးပွားရေး မူဝါဒကနေ မြန်မာနိုင်ငံ စီးပွားရေးကို ထောက်ပံ့ပေးနိုင်မယ့် အခြေအနေတွေထဲက တစ်ခုပါ” လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဂူတန် မူခိုပါဟယာ က ပြောပါတယ်။

အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အရှေ့တောင် အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဆာသီရာမန် ကတော့ အိန္ဒိယဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ အကြံပြုခဲ့ပြီး အပြန်အလှန် နားလည်မှု တည်ဆောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“အိန္ဒိယက အချိန်နဲ့ငွေကို ဒီမှာရင်းနှီးမြှုပ်နှံ သင့်နေပြီ ပြည်တွင်းက အာဏာပိုင်တွေ စီးပွားရေးနဲ့ လူမှု အဖွဲ့အစည်းတွေ ကြားထဲမှာ အပြန်အလှန်နားလည်မှုကို တည်ဆောက်ရမှာ ဒါမှ စီးပွားရေးလုပ်ဖို့ လွယ်ကူမှာ” လို့ ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့  ကုန်သွယ်ဘက် နိုင်ငံတွေထဲမှာ အဆင့်ငါးနေရာမှာရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုက အဆင့်ကိုးနေရာမှာ ရှိနေပါတယ်။ အိန္ဒိယ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံတွေနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ရှစ်ဆယ် ဘီလီယံလောက်အထိ ရှိနေပါတယ်။

ဆုံးဖြတ်ချက ်ကောင်းတွေနဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်း ပိုပြီးကြီးထွားဖို့ ကမ္ဘာကို ခြေဆန့်လာနေတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံ စီးပွားရေးတွေကို ဒီထက်ပိုပြီး တိုးတက်ဖို့ ဘယ်အရာတွေက အဆုံးအဖြတ် ပေးမှာလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags