ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်မှာကျင်းပမယ့် မသန်စွမ်းအားကစားပြိုင်ပွဲကို အချိန်အကန့်အသတ်မရှိရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်မှာကျင်းပမယ့် မသန်စွမ်းအားကစားပြိုင်ပွဲကို အချိန်အကန့်အသတ်မရှိရွှေ့ဆိုင်း
ဓာတ်ပုံ - ဆုမြတ်မေဇော်

ဖေဖော်ဝါရီ  ၁၈။         ။  ဖိလစ်ပိုင်နိုင်ငံတွင် မတ်လ၂၁ ရက်နေ့မှစတင်ကျင်းပမည့် ၁၀ကြိမ်မြောက် Asean Paragame မသန်စွမ်းအားကစားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်(COVID 19)ကြောင့် အချိန်အကန့်အသတ်မရှိ ရွေ့ ဆိုင်းလိုက်ကြောင်းမြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးပီတာထံမှသိရသည်။

၁၀ရက်ကြာကျင်းပမည့် အဆိုပါ Paragame ပြိုင်ပွဲတွင် မြန်မာနိုင်ငံက မသန်စွမ်းအားကစားသမား အယောက်၁၀၀ကျော် သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့သည်။

အာဆီယံနိုင်ငံအသီးသီးမှ အားကစားသမားများ လာရောက်ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် ရောဂါပိုး လျင်မြန်စွာ ကူးစက်နိုင်သောကြောင့် ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံ၏ သဘောတူညီချက်အရ အဆိုပါ paragmeပြိုင်ပွဲကို ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးပီတာက ပြောသည်။

“ကျွန်တော်တို့ သွားရင်လည်း ကူးစက်လာနိုင်တယ်ဆိုတော့ စက်တင်ဘာလအထိ ရွေ့ဖို့ကို သဘောတူတယ် ဒီနှစ်မကုန်ခင် ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့တော့ပြောတယ် ကျင်းပဖြစ်ရင် နှစ်လကြိုတင်ပြီးတော့ အကြောင်းကြား မယ်လို့ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

မသန်စွမ်းအားကစားသမားများသည် Paragame ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် ၂၀၁၉ခုနှစ်တည်းက Campဝင်ကာ နေ့ညမရွေး လေ့ကျင့်ခဲ့သည်။လေ့ကျင့်ခဲ့သည်မှာ တစ်နှစ်နီးပါး ကြာနေပြီဖြစ်ကာ ယခုချိန်အထိ သွားရောက် မယှဉ်ပြိုင်ရသောကြောင့် အားကစားသမားများ စိတ်ဓာတ်မကျဖို့ အားပေးနေရသည်ဟု ပြေးခုန်ပစ်နည်းပြ ကိုသက်ထွန်းဦးက ဆိုသည်။

၎င်းက“ကလေးတွေက နဂိုထဲက စိတ်ဓာတ်ကြံ့ခိုင်မှုရှိပါတယ် ဒါပေမယ့် ပြိုင်ပွဲရွှေ့သွားတဲ့အပေါ်မှာတော့ အထိုက်အလျောက်တော့ စိတ်ကျသွားတာပေါ့ အဲ့တော့ လေ့ကျင့်ချိန်လျော့တာတို့ သူတို့စိတ်အပန်းဖြေနိုင်မယ့် ဟာ လေးတွေ လုပ်ရတောပေါ့”ဟုဆိုသည်။

ယခုလို ရွေ့ဆိုင်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ဇန်နဝါရီ ၂၀တွင် ကျင်းပမည့် ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံဘက်က အဆင့်သင်မဖြစ်သေးတာကြောင့် မတ်လ ၂၁ရက်ကို ထပ်မံရွေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ပြေးခုန်ပစ် အားကစားသမားတစ်ဦးဖြစ်သည့် ကိုသက်ထူးအောင်က “အဲ့ရောဂါကြောင့် ခဏခဏ ရွေ့ဆိုင်းနေရတော့ အဲ့ရောဂါကြီးကိုတောင်မုန်းတယ် ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် အားတင်းထားရတာပေါ့ ဆုတံဆိပ်တွေ့  ရအောင် အဲ့တာပဲ အားတင်းထားတော့တယ်”ဟု ပြောသည်။

၁၀ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ပွင်လင်းရာသီဖြစ်သည့် စက်တင်ဘာလအတွင်း ကျင်းပနိုင်ရန် ပြိုင်ပွဲဝင်နိုင်ငံများက မျော်မှန်းထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly