နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲမှာ NCA မထိုးရသေးသည့်အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရထံ တင်ပြ

နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲမှာ NCA မထိုးရသေးသည့်အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရထံ တင်ပြ
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈။        ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) မထိုးရသေးသည့်အဖွဲ့များ နိုင်ငံရေး မူဘောင်သုံးသပ် ဆွေးနွေးပွဲများ ပါဝင် တက်ရောက်နိုင်ရေး NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များက အစိုးရထံ တင်ပြခဲ့သည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့သော အစိုးရကိုယ်စားလှယ်များနှင့် NCA ထိုးအဖွဲ့များ တွေ့ဆုံ ဆွေးနွေး ကြစဉ်အထက်ပါအတိုင်း တင်ပြခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ(NMSP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးက မီဒီယာများကို ပြောသည်။

“ UPDJC ရဲ့ဗျူဟာမှာက တိတိကျကျ ရေးထားတယ်။ NCA ထိုးပြီးမှ ဒီမူဘောင်ကိုလာပြီးမှ သုံးသပ်မယ်၊ ပြင်ဆင်မှာ ရှိမယ် ဆိုတော့ နှစ်ဖက် ကျွန်တော်တို့ ကမ်းလှမ်းချက်နဲ့ အစိုးရရဲ့ UPDJC ရဲ့ မူဘောင်ပေါ့နော်၊ ဗျူဟာ မှာ ပြန်ချိန်းပြီး ပြန်ဆွေးနွေးရမယ်”ဟု ၎င်းက ဆိုသည်။

သို့သော်လည်း မူဘောင်ပြင်ဆင်ပါက မည်ကဲ့သို့ ပါဝင်နိုင်မည်၊ မူဘောင် သုံးသပ်မည့် ဆွေးနွေးပွဲ ဆိုပါက မည်သည့် ပုံစံဖြင့် ပါဝင်နိုင်မည်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တွင် ဆုံးဖြတ်ရ မည် ဖြစ်ကြောင်း သိရသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ တင်ပြထားသည့် အခြေအနေမှာ ဆက်လက် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်(PC) အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

“ ဒါပေမယ့် UPDJC မှာ ကျွန်တော်တို့ တင်ပြရမှာ ရှိတယ်၊ နည်းလမ်းကတော့ မျိုးစုံရှိတယ်။ အဲ့မျိုးစုံထဲကမှ အကောင်းဆုံးဖြစ်တာကို ယူဖို့ ရှိတယ်။ နောက်တစ်ခုက ရှင်းပြလိုတာက လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေကို တံခါးဖွင့်ထားတဲ့ ဆွေးနွေးပွဲတွေကိုလည်း ဆက်ပြီး ဆွေးနွေးဖို့ ကျွန်တော်တို့ ဘက်က ပြင်နေတယ်”ဟု ၎င်းက ဆိုသည်။

ယခင်ကလည်း NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ နိုင်ငံရေးမူဘောင် သုံးသပ် အစည်းအဝေးများနှင့် UPDJC အစည်းအဝေးများတွင် လေ့လာသူ အနေဖြင့် တက်ရောက်ခဲ့သည့် သာဓကများ ရှိသည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊  ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC )၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်း လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်သည်။

NCA ထိုးနိုင်ရေး ညှိနှိုင်းနေသည့် လက်နက်ကိုင်အဖွဲ့များကတော့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင် လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ပလောင်(တအန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရခိုင့်တပ် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required